မြင်းခြံမြို့နယ် ပြားရွာ စီးနင်းခံရမှု သုံးနှစ်သမီး အပါအဝင် အရပ်သား ခြောက်ဦးသေဆုံး
မြင်းခြံမြို့နယ် ပြားရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့မှုမှာ သုံးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ခြောက်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။
-
RFA Burmese
2023-11-09 -
-
-
မန္တလေးတိုင်း မြင်းခြံမြို့နယ် ပြားရွာကို နိုဝင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့မှုမှာ သုံးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ခြောက်ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောပါတယ်။
နိုဝင်ဘာ ၇ ရက် မနက်အစောပိုင်းမှာ နွားထိုးကြီးမြို့နယ် ပဲကြီးခင်းရွာက ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြားရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကြောင်းက ရွာထဲကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
ရွာအနီးမှာ တိုက်ပွဲဖြစ်နေလို့ ရွာဘေးက ကွမ်းစိုက်ခင်းခြံတဲတွေမှာ ရှောင်တိမ်းနေတဲ့ သားအမိနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာမှာ သုံးနှစ်အရွယ် မရွှန်းလဲ့ချို သေဆုံးခဲ့တာလို့ ပြားရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
“ကလေးကို ပုခုံးပေါ်ပွေ့ပြီး ထိုင်နေတဲ့အချိန် အမေကကျတော့ ပုခုံးကိုရှပ်မှန်ပြီး ကလေးက မျက်နှာပွင့်သွားတာ။ တဲထဲမှာ ထိုင်နေတာကို ဝင်ပစ်သွားတာ”
ဒါ့အပြင် ရွာထဲဝင်ရောက်စီးနင်းချိန် ဖမ်းဆီးခံရတဲ့ အရပ်သား ငါးဦးကိုလည်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သွားတယ်လို့ သူက ဆိုပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေကတော့ ၃၉ နှစ်အရွယ် ကိုဂျစ်တူး၊ အသက် ၄၀ အရွယ် ကိုရဲဝင်း၊ အသက် ၂၀ အရွယ် ကိုကျော်မင်းသန့်၊ ၁၉ နှစ်အရွယ် ကိုပြည့်ဖြိုးနဲ့ ၁၅ နှစ်အရွယ်နဲ့ မောင်ထက်မြက်အောင်တို့ ဖြစ်ကြပါတယ်။
သူတို့ကို ခန္ဓာကိုယ့်အနှံ့ ဓားနဲ့မွှန်းပြီး သတ်ဖြတ်ခဲ့တာလို့ ပြားရွာဒေသခံက ပြောပါတယ်။
“တော်တော်ကြီးကို ရက်ရက်စက်စက်သတ်သွားတာ၊ ခန္ဓာကိုယ်ရှိသမျှတွေ ဓားနဲ့မွှမ်းထားတယ်။ လည်လည်းလှီးထားတဲ့ ဒဏ်ရာတွေတွေ့တယ်။ သေနတ်ဒဏ်ရာတော့ မတွေ့ရဘူး၊ ဓါးတွေနဲ့လှီးပြီး သူတို့ သတ်သွားတာ၊ အဲဒီနားမှာ သွေးတွေလည်း အိုင်နေတာ”
ဒေသခံပြည်သူတွေကို သတ်ဖြတ်တဲ့အပြင် ကွမ်းခြံတွေနဲ့ နေအိမ်စုစုပေါင်း ၃၇ လုံးကိုလည်း စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။
အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ အဲဒီရွာက ဒေသခံ ၃၀၀၀ ကျော်ကတော့ နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ရွာကိုစွန့်ခွာ ထွက်ပြေးနေရပြီး နိုဝင်ဘာ ၉ ရက်ဒီနေ့အထိ ရွာကို ပြန်မကပ်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းကတော့ ဒီနေ့မှာ ပြားရွာရဲ့ တောင်ဘက် တစ်မိုင်နီးပါးမှာရှိတဲ့ နွားထိုးကြီးမြို့နယ် ခံစပ်ကုန်းရွာမှာ ရောက်နေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ပြားရွာကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းမီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၆၇ လုံး မီးလောင်ဆုံးရှုံးပြီး အရပ်သားတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။