မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ကြိုးပမ်းနေတယ်လို့ ကချင်ဖွံဖြိုးရေးအဖွဲ့ ပြောဆို

တရုတ်အစိုးရပိုင် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း (CPI) ဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ ယာယီရပ်ဆိုင်းထားတယ်ဆိုတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်သက်ဝင်လှုပ်ရှားဖို့ နိုင်ငံတကာ ရေကာတာကြီးများ တည်ဆောက်ရေး လုပ်ငန်း ICOLD (အိုင်ကိုးဒ်) အကူအညီရယူဖို့ ကြိုးပမ်းနေတယ်လို့ KDNG ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။ RFA

မြစ်ဆုံရေကာတာ စီမံကိန်းပြန်လည် စတင်နိုင်ဖို့ အိုင်ကိုးဒ်အဖွဲ့ကို တရုတ် (CPI) က ချဉ်းကပ်တာလို့ KDNG ထိုင်းနိုင်ငံ ချင်းမိုင်တာဝန်ခံ ဆိုင်းမိုင်က ပြောပါတယ်။

" ဒီမြစ်ဆုံရေကာတာကို Third Party အနေနဲ့ လေ့လာဖို့ ပေါ့နော်။ ဒီ ICOLD  အိုင်ကိုးဒ်ပေါ့နော်၊ ဒီအဖွဲ့ကို သူတို့ ဖိတ်ခေါ်ထားတယ်။ မြန်မာအစိုးရကနေ တောင်းဆိုလို့ လုပ်တယ်လို့ သူတို့ပြောထားတယ်"

CPI ပြောသလို မြန်မာအစိုးရက ခုလို တိုက်တွန်းတာ ရှိမရှိ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ပြင်သစ် အခြေစိုက် အိုင်ကိုးအဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံ ၉၀ ရှိပြီး အဖွဲ့ ဥက္ကဋ္ဌဟာ တရုတ်နိုင်ငံသားဖြစ်ပြီး ဒီအဖွဲ့ဟာ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် အဓိက စည်းရုံးလှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အိုင်ကိုးလ် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အစိုးရပိုင် (CPI) ဟာ အိုင်ကိုးနဲ့ အတော်လေးနီးစပ်တယ်လို့ သိရပါတယ်။ (CPI) နဲ့ မူးယစ်ရာဇာ လောစစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်ပိုင် အေရှားလ်ဝေါလ်ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းဟာ လုံး၀ လုံခြုံစိတ်ချရပြီး အကျိုးကျေးဇူး ရှိတဲ့အကြောင်း သက်သေထူဖို့ အိုင်ကိုးလ်ဟာ ဧရာဝတီမြစ်ဆုံ ရေကာတာကို သီးခြား အလွတ်သဘော စစ်ဆေးနေတယ်လို့ တရုတ်သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတင်းထုတ်ပြန်ထားတာ ရှိတယ်လို့လည်း KDNG က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org