မြစ်ကြီးနားက စစ်ကောင်စီတပ်စခန်းကို KIA ထိုးစစ်ဆင်
နှစ်ဖက်တိုက်ပွဲ ဖြစ်တဲ့နေရာဟာ မြစ်ဆုံစီမံကိန်းနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ဝေးပြီး မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ် မြို့နယ်အစပ်မှာ ရှိပါတယ်။
-
RFA Burmese
2024-08-01 -
-
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁ ရက် ဒီနေ့မနက်ပိုင်းကစပြီး ထိုးစစ်ဆင်နေတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်တဲ့နေရာဟာ မြစ်ဆုံစီမံကိန်းနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ဝေးပြီး မြစ်ကြီးနားနဲ့ ဆွမ်ပရာဘွမ် မြို့နယ်အစပ်မှာ ရှိပါတယ်။
ဒီအပြင် မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပေါ်မှာရှိတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး လမ်းလုံခြုံရေးအတွက် အရေးကြီးတဲ့ တပ်စခန်းဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဒီနေ့မနက်ကတည်းက ပစ်နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ စစ်ကောင်စီဘက်ကလည်း ပြန်ပစ်တယ်။ အခုထိတော့ စခန်းသိမ်းနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး။ ဆက်ပြီးမှ တိုက်နေဆဲပဲ။ သူက မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပေါ်က လုံခြုံရေးယူတဲ့စခန်းကြီးပဲ”
တီယန်ဇွပ်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းဟာ မြစ်ကြီးနားမြို့နယ်အစွန်းဆုံးက တပ်စခန်းဖြစ်ပြီး ခြေလျင်တပ်ရင်း ခလရ (၅၈) တပ်တွေထိုင်တဲ့ တပ်စခန်းဖြစ်တယ်လို့ သူက ပြောပါတယ်။
တီယန်ဇွန်ရွာက မလိခမြစ်ဘေးမှာရှိပြီး ရွာအထက်ပိုင်းဘက်ဟာ ဆွမ်ပရာဘွမ်၊ ပူတာအိုမြို့တွေကို သွားတဲ့လမ်းဖြစ်သလို မလိခမြစ်ကိုဖြတ်ပြီး အရှေ့ဘက်ကမ်းကိုကူးရင် KIA တပ်မဟာ (၁) နယ်မြေထဲကို ရောက်ပါတယ်။
တီယန်ဇွပ်ဒေသခံတစ်ဦးကလည်း KIA က ဒေသခံတွေကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး တိမ်းရှောင်ခိုင်းထားတဲ့အတွက် ဒေသခံတွေအကုန် နေရပ်စွန့်ခွာနေကြပြီလို့ RFA ကို ပြောပါတယ်။
အခုရက်ပိုင်းမှာပဲ မြစ်ကြီးနားမြို့နယ်က တချို့ကျေးရွာတွေမှာ စစ်ကောင်စီတပ်က အခြေချတပ်စွဲလာတာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်သူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်က မြို့ရှစ်မြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း တစ်ရာကျော်ကို KIA က သိမ်းပိုက်ထားပါတယ်။