မြစ်ကြီးနားအကျဉ်းထောင်ဆန္ဒပြမှုမှာ ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး

ဒဏ်ရာရသူတွေထဲက အသက် ၂၈ နှစ်အရွယ် ကိုယိန်းဘောမ် ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ငါးဦးအထိ ရှိလာပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆန္ဒပြမှု၌ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးခဲ့သည့် ကိုယိန်းဘောမ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က သုသာန်သို့ ပို့ဆောင်စဉ်။ Citizen Journalist

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်တွင်း ဆန္ဒပြမှုမှာ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရခဲ့သူတွေထဲက နောက်ထပ် အကျဉ်းသားတစ်ဦး ဆေးကုသမှုခံယူနေစဉ် ဧပြီလ ၂၁ ရက်နေ့က ထပ်မံသေဆုံးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး အကျဉ်းသားတွေက ဧပြီလ ၁၈ ရက်နေ့မှာ ဆန္ဒပြကြစဉ် အကျဉ်းထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် အကျဉ်းသားလေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တာပါ။

လက်ရှိမှာ ဒဏ်ရာရသူတွေထဲက အသက် ၂၈ နှစ်အရွယ် ကိုယိန်းဘောမ် ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ငါးဦးအထိ ရှိလာပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“၂၁ ရက်နေ့ မနက် ၉ နာရီကျော်မှာ သေသွားတာ။ နှစ်ယောက်ကတော့ ဆေးရုံဆင်းသွားပြီ။ ကျန်ငါးယောက်က တော့ ဆေးရုံမှာပဲ။ အခုဆေးရုံမှာရှိတဲ့သူတွေက ဗိုက်မှာ ရှပ်ထိတာတွေ၊ ခြေထောက်တွေမှာ ထိတွေရှိတယ်။ သေဆုံးသွားတဲ့ ယိန်းဘောမ်ကတော့ ထုတ်လာတဲ့နေ့က သတိမေ့နေတာ”

ပစ်ခတ်မှုနှိမ်နင်းစဉ် သေဆုံးသူတွေကတော့ အသက် (၄၃) နှစ်အရွယ် ဦးထွန်းဝင်း၊ အသက်(၄၀)နှစ်အရွယ် ဦးညွန့်ဌေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုကျော်စိုးဝင်းနဲ့ ကိုအောင်နိုင်ထွန်းတို့ ပါဝင်ပါတယ်။

ထောင်တွင်းဆန္ဒပြမှု နောက်ဆက်တွဲအနေနဲ့ ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ အကျဉ်းသား ၁၉ ဦးကိုလည်း ဧပြီလ ၂၁ ရက်နေ့ကစလို့ တိုက်ပိတ်ထားတဲ့အပြင် သူတို့ထံ ထောင်ဝင်စာပို့ခွင့်ကိုလည်း ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနား အကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲဒီအထဲမှာ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ နိုင်ငံရေးအကျဥ်းသား သုံးဦးသာ ပါဝင်ပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား သုံးဦးထဲက ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုတော့ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org