မြစ်ကြီးနားထောင်တွင်းပစ်ခတ်နှိမ်နင်းမှု ထောင်ဝန်ထမ်းရှစ်ဦး စစ်ဆေးခံနေရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင်းဆန္ဒပြမှုကို လူသေဆုံးသည်အထိ ပစ်ခတ်နှိမ်နင်းရာမှာပါဝင်တဲ့ အကျဉ်းထောင်အရာရှိတွေအပါအဝင် ထောင်ဝန်ထမ်းရှစ်ဦးကို စစ်ကောင်စီရဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကနေ ခေါ်ယူစစ်ဆေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဧပြီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2024-04-26 -
-
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင်းဆန္ဒပြမှုကို လူသေဆုံးသည်အထိ ပစ်ခတ်နှိမ်နင်းရာမှာပါဝင်တဲ့ အကျဉ်းထောင်အရာရှိတွေအပါအဝင် ထောင်ဝန်ထမ်းရှစ်ဦးကို စစ်ကောင်စီရဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကနေ ခေါ်ယူစစ်ဆေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဧပြီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်ကစလို့ ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး အကျဉ်းထောင်ရဲ့ သုံးပွင့်အဆင့်ရှိ ထောင်ပိုင်လေး (ဦးစီးအရာရှိ)နဲ့ ထောင်ဆရာဝန်အပါအဝင် ထောင်ဝန်ထမ်းရှစ်ဦးကို စစ်ဆေးနေတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“စသုံးလုံးကခေါ်သွားပြီး စုံခုံဖွဲ့စစ်တာ။ အဲဒီမှာခေါ်သွားတာကတော့ စပစ်တဲ့ ထောင်ပိုင်လေးပါတာပေါ့။ ဆေးဝန်ထမ်းတွေပါတယ်။ သုံးပွင့်နဲ့ ဆေးဆရာဝန်တွေပါတယ်။ တစ်ပွင့်ဗိုလ်လည်း ပါတယ်။ ထောင်ပိုင်ကြီးကိုလည်း စစ်မယ်လို့ သိရတယ်။ စစ်ရင်းနဲ့ ထပ်ခေါ်မယ်ပေါ့နော်။ ဘယ်သူတွေပြုတ်ပြီး ထောင်ပြန်ချမယ်တော့မသိဘူး”
ထောင်တွင်းဆန္ဒပြမှုနောက်ဆက်တွဲအနေနဲ့လည်း ဆန္ဒပြမှုမှာ ဦးဆောင်ပါဝင်တယ်လို့ ယူဆတဲ့ အကျဉ်းသား ၁၉ ဦးကို ဧပြီလ ၂၁ ရက်နေ့ကစလို့ တိုက်ပိတ်ထားတဲ့အပြင် သူတို့ထံ ထောင်ဝင်စာပို့ခွင့်ကိုလည်း ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်က မျှတမှုမရှိဘူးဆိုပြီး အကျဉ်းသားတွေက ဧပြီလ ၁၈ ရက်နေ့မှာ ဆန္ဒပြကြစဉ် အကျဉ်းထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ သေဆုံးသူ ငါးဦးနဲ့ ဒဏ်ရာရသူ ခုနစ်ဦး ရှိခဲ့တာပါ။
ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူနှစ်ဦးက ဒီနေ့အထိ ဆေးကုသမှုခံယူနေရပြီး ကျန်ဒဏ်ရာရသူတွေကတော့ ဆေးရုံဆင်းသွားကြပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်အကျဉ်းဦးစီးဌာန အကျဉ်းဦးစီးမှူးရုံးနဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ မြစ်ကြီးနားအကျဥ်းထောင်ကနေ အကျဥ်းသား ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီအထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းတို့ နိုင်ငံရေးအကျဥ်းသား သုံးဦးသာ ပါဝင်ပါတယ်။
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသား သုံးဦးထဲက ဒေါက်တာ ခလမ်ဆမ်ဆွန်ကိုတော့ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းမှာပဲ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။