အမျိုးသားရေးတက်ကြွလှုပ်ရှား သူတွေနဲ့ ဗိုလ်စိန်မှန်ရပ်ကွက်က လူတချို့ ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၀၀ လောက် ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပေါ် ကန့်ကွက်ပွဲမှာ ရပ်ကွက် နေပြည်သူတချို့နဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ အင်အား ၂၀ လောက်က ဝင်ရောက်တားဆီးခဲ့ရပါတယ်။

ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ စက်တင်ဘာလ ၁၁ ရက်နေ့က အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ရပ်ကွက်နေပြည်သူတချို့တို့ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်တားဆီးနေစဉ် Photo: Aung Thain Kha/ RFA

ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၀၀ လောက် ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပေါ် ကန့်ကွက်ပွဲမှာ ရပ်ကွက် နေပြည်သူတချို့နဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ အင်အား ၂၀ လောက်က ဝင်ရောက်တားဆီးခဲ့ရပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားတာကို ဗွီဒီယို မှတ်တမ်းတင်သူ သတင်းမီဒီယာ သမားတွေထံက ကင်မရာတွေကို ဆန္ဒပြသူတချို့က လုယူခဲ့ပါတယ်။ ရုန်းရင်း ဆန်ခတ်ဖြစ်တဲ့ပုံတွေကို ရိုက်ယူခဲ့တဲ့အတွက် အထိုးခံခဲ့ရသူတွေထဲမှာ Myanmar Press photo Agency က ဓာတ်ပုံသတင်းထောက် ကိုမြတ်သူကျော်လည်း ပါဝင် ပါတယ်။

"အဲဒီဘက်မှာ ပြဿနာတက်တဲ့ အချိန်မှာ ဟိုဘက်က ရပ်ကွက်နေသူတွေနဲ့ ရန်ရှာဖို့လုပ်တယ်။ ရန်ရှာဖို့ လုပ်တဲ့အချိန်မှာ ကျနော်က အနီးကပ်ဓာတ်ပုံ ရိုက်တယ်။ ရိုက်တဲ့အချိန်မှာ သူတို့တွေက မင်းဘာလို့ ငါတို့ဘက်ကို ဓာတ်ပုံ ရိုက်တာလည်း ဟိုဘက်ကို ရိုက်ပါလားဆိုပြီး ကျနော့်ကို ဆွဲထိုးသွားတယ်။ ဘေးကနေ ထိုးသွားတယ်။ ဘယ်သူထိုးလို့ ထိုးလိုက်မှန်းတော့ မသိဘူး။ သူတို့ဘက်က အများကြီးဆိုတော့ ဝိုင်းအုံလားပြီးထိုးသွားတယ်" လို့ ကိုမြတ်သူကျော် က ပြောပါတယ်။

အဲဒီဆန္ဒပြပွဲကို အမျိုးသားရေး လှုပ်ရှားတက်ကြွသူတွေနဲ့ မျိုးချစ် သံဃာတော် ၂၀၀ ကျော်က ဦးဆောင်ကျင်းပတာဖြစ်ပြီး ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကိုဖျက်သိမ်းပေးဖို့ ၊ ဇာတိမာန် သီချင်းကို မဆိုသင့်ဘူးလို့ ပြောတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အနေနဲ့ သူ့စကားကို တာဝန်ယူဖို့ ဆိုပြီး ကန့်ကွက်ရှုတ်ချတဲ့ ပွဲဖြစ်ပါတယ်။

ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ရပ်ကွက်ထဲမှာ နေထိုင်သူတွေက သူတို့ ရပ်ကွက်ပိုင် ဘောလုံးကွင်းထဲမှာ ဆန္ဒပြပွဲတွေ မလုပ်ဖို့အစိုးရကို လက်မှတ်ရေးထိုး တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org