ဝိဇ္ဇာဘာသာတွဲယူတဲ့ ကျောင်း သားတွေနည်းတာ ပြန်လည် ဆန်းစစ်သွားမည်
အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ဝိဇ္ဇာဘာသာတွဲ သင်ယူတဲ့ ကျောင်းသား ၊ ကျောင်းသူနည်းတဲ့အတွက် ဘာကြောင့်နည်းတာလဲဆိုတာ ကို အခုလာမယ့် ကျောင်းအပ်ရာသီမှာ ပြန်လည်ဆန်းစစ် သွားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
-
2017-05-19 -
-
-
အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ဝိဇ္ဇာဘာသာတွဲ သင်ယူတဲ့ ကျောင်းသား၊ ကျောင်းသူနည်းတဲ့အတွက် ဘာကြောင့်နည်းတာလဲဆိုတာကို အခုလာမယ့် ကျောင်းအပ်ရာသီမှာ ပြန်လည်ဆန်းစစ်သွားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
သင်္ဃကျွန်းမဲဆန္ဒနယ်က ဦးရွှေလှ မေးမြန်းတဲ့ အခြေခံပညာအထက်တန်းမှာ ဝိဇ္ဇာဘာသာဖြစ်တဲ့ သမိုင်းနဲ့ ပထဝီ ဘာသာရပ်တွေကို သင်ယူတဲ့ ကျောင်းသား၊ ကျောင်းသူ နည်းပါးလာတဲ့အတွက် ပညာရေးဟန်ချက်မ ညီ ဖြစ်ပေါ်နေခြင်းကို ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက အခုလိုပြန်လည်ဖြေဆိုသွားတာပါ။
"လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသလိုပဲ ယူမယ့်သူတွေမရှိလို့ ကျောင်းတွေကမပေးတာလား ၊ ကျောင်းတွေကမပေးလို့ ယူမယ့်သူမရှိတာလားဆိုတာကို ကျနော်တို့ ဒါ ဝိဇ္ဇာဘာသာတွဲ ယူသူတွေ မရှိတာကို ပြန်လည်ဆန်းစစ်သွားပါ့မယ်"
ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်အတွင်း တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူထဲမှာ ဓာတုဗေဒ နဲ့ ရူပဗေဒဖြေဆိုသူ ၆ သိန်းကျော်၊ ဇီဝဗေဒဖြေဆိုသူ ၁ သိန်း ၇ သောင်းကျော်၊ ဘောဂဗေဒ ဘာသာဖြေဆိုသူ ၅ သိန်း ၃ သောင်းကျော်၊ သမိုင်းနဲ့ ပထဝီဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ ၇ သောင်းကျော်သာရှိတာဖြစ်ပါတယ်။
ရန်ကုန်းတိုင်းဒေသကြီးအတွင်း၂၀၁၆-၂၀၁၇ခုနှစ် အထက်တန်းအဆင့်ဖြစ်တဲ့ နဝမတန်းနဲ့ ဒဿမတန်း ကျောင်း သား၊ကျောင်းသူ ၁ သိန်း ၃ သောင်းကျော်ရှိပြီး ဝိဇ္ဇာဘာသာတွဲသင်ယူတဲ့သူ ငါးရာနီးပါသာရှိကြောင်း လည်း ဒေါက်တာ မျိုးသိမ်းကြီးက ထည့်သွင်းပြောဆိုသွားပါတယ်။