စစ်ကိုင်းတိုင်း မြို့သစ်မြို့ကို NUG နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းသိမ်းယူ

တမူးမြို့နယ် မြို့သစ်မြို့ကို မေလ ၁၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ် မြို့သစ်မြို့အား မဟာမိတ်ပူးပေါင်းအဖွဲ့များမှ သိမ်းပိုက်ပြီးနောက် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။ အမှတ် - ၁ စစ်ဒေသ

စစ်ကိုင်းတိုင်း တမူးမြို့နယ် မြို့သစ်မြို့ကို မေလ ၁၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

မြို့သစ်မြို့ကို မေလ ၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၁ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

"မြို့သစ်မှာက ခလရ- ၂၂၈ တပ်ရင်းရှိတယ်၊ အဲတပ်ရင်းမှာက ကျန်တဲ့အဖွဲ့တွေရော၊ ရဲတွေရော၊ ပျူတွေရော ပူးပေါင်းအင်အား ၂၀၀ ကျော်လောက်ရှိတာပေါ့၊ အဲဒါကို အမှတ် (၁) စစ်ဒေသ တမူးခရိုင် စစ်ဒေသကွပ်ကဲရေးမှူးက ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီးတိုက်ခဲ့တာ၊ မေလ ၇ ရက်နေ့ကနေတိုက်တာ ၁၁ မနက်မှာတော့ ကျွန်တော်တို့ သိမ်းဆည်းရမိတာရှိတယ်၊ သိမ်းဆည်းရမိတဲ့အခြေအနေ အသေးစိတ်ကိုတော့ အမှတ် (၁) စစ်ဒေသကနေ ထုတ်ပြန်ပါလိမ့်မယ်"

စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ - ၂၂၈ ရှိတဲ့ အခိုင်အမာစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေလ (၇) ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ရဲ (၂၁) ဦး အလံဖြူထောင် လက်နက်ချခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ဒဏ်ရာရတဲ့စာရင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

မြို့သစ်မြို့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြို့သစ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ- ၂၂၈၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီးစတဲ့ ပူးပေါင်းအင်အား (၂၅၀) ခန့်ကို NUG ရဲ့ အမှတ် (၁) စစ်ဒေသ တမူးခရိုင် ကွပ်ကဲရေးအဖွဲ့က ဦးစီးပြီး တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) စတဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ NUG က ထုတ်ပြန်ထားပါတယ်။

အိန္ဒိယ- မြန်မာနယ်စပ် တမူးမြို့နယ် ခါမ်းပါတ်မြို့ကိုလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် လည်ပတ်‌နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org