ဖားကန့်မြို့နယ် ကံဆီးရွာက Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာနားက Mytel တာဝါတိုင်တစ်ခု နိုဝင်ဘာ ၂၁ ရက် မနေ့ည ၉ နာရီခန့်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံ တွေက ပြောပါတယ်။
- 2021-11-22
-
-
-
ကချင်ပြည်နယ် ဖားကန့်မြို့တစ်နေရာကို တွေ့ရစဉ်
Photo: Kachin News Group
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးရွာနားက Mytel တာဝါတိုင်တစ်ခု နိုဝင်ဘာ ၂၁ ရက် မနေ့ည ၉ နာရီ ခန့်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
အဲဒီတာဝါတိုင်အောက်က စက်ကို ဖောက်ခွဲခံလိုက်ရတာလို့ ဒေသခံတစ်ဦးဖြစ်သူ ကိုနော်က ဆိုပါတယ်။
အခုဖောက်ခွဲခံလိုက်ရတဲ့ ကံဆီးရွာနားက တာဝါတိုင်အပါအဝင် ဆိုင်းတောင်၊ ကျောက်တွင်း၊ ဆိုင်းတောင် ရပ်ကွက် (၃)၊ ယူမာ နဲ့ လုံးခင်းဒေသတွေက Mytel တာဝါတိုင်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖောက်ခွဲခံခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဖားကန့်မြို့နယ်မှာ အင်တာနက်လိုင်းတွေ ပိတ်ထားတာ အခုဆိုရင် သုံးလကျော်လာပြီ ဖြစ်ပြီး ဖားကန့်ဒေသခံတွေလည်း စီးပွားရေးလုပ်ကိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။