နွားထိုးကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံး

တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတာလို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကွမ်းအုံရွာဘုန်းကြီးကျောင်း ကို တွေ့ရစဥ်။ Facebook/ နွားထိုးကြီး-Journal

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် တာပယ်ကျေးရွာကို အောက်တိုဘာလ ၁၁ ရက်နေ့ညက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတာလို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ညက ၉ နာရီခန့်ကပါဗျ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်တာပါ။ ပွဲချင်းပြီး နှစ်ယောက်သေတယ်လို့တော့ သိရတယ်။ ခြေပြတ်၊ လက်ပြတ် ဒဏ်ရာရတဲ့သူတွေရော များတယ်၊ ဒဏ်ရာရသူ ဆယ်ယောက်ထက်မနည်းလို့တော့ သိရပါတယ်ဗျ"

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရတဲ့သူတွေရဲ့ အသေးစိတ်အချက်အလက်သိရဖို့ ဒေသခံတွေကို ဆက်သွယ်ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

နွားထိုးကြီးမြို့နယ်က ကန္နားရဲစခန်းကို မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနဲ့ တပ်ရင်း ၁၀ က အောက်တိုဘာ ၁၁ ရက်နေ့မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ကူပေးတာကြောင့် ပြန်လည်ဆုတ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲမရှိဘဲ အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိခဲ့ကြောင်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org