ကျယ်ပြန့်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ချမှတ် ဆောင်ရွက်ဖို့ လိုတယ်လို့ ကုလသမဂ္ဂ အကြံပြု
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ Mr. Vijay Nambir က ၅ ရက်ကြာ ခရီးစဉ်အပြီး ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
-
2011-11-04 -
-
-
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားတို့က သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ်။
NLD
ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးပါတဲ့ ခြေလှမ်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ကျေနပ်အားရတယ် ဆိုတာကို မြန်မာခေါင်းဆောင်တွေနဲ့ သက်ဆိုင်သူ အားလုံးကို တိုက်ရိုက် ပြောကြားဖို့ ဖြစ်တယ်လို့ Mr. Vijay Nambir က ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအတွက် အားလုံးပါဝင်ပြီး ကျယ်ပြန်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ချမှတ်လုပ်ဆောင်ဖို့ ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းကြောင်း၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ရေးဆွဲရေး ကိစ္စတွေကို အဓိက ဦးစားပေး လုပ်ငန်းတွေအဖြစ် ဆောင်ရွက်သင့်ကြောင်းလည်း Mr. Vijay Nambir ရဲ့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ နိုင်ငံတကာရဲ့ နားလည် သဘောပေါက်မှု အားပေးထောက်ခံမှု လိုအပ်တယ် ဆိုတာကို အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ခံယူထားကြောင်း၊ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အဝန်းအဝိုင်း အကြားမှာရော၊ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ အကြားမှာပါ အပြန်အလှန် နားလည် သဘောပေါက်မှု ရရှိစေပြီး မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ ရှှေ့ဆက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရရှိစေကြောင်းလည်း Mr. Vijay Nambir ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။