နမ္မတူမြို့ကို လက်မလွှတ်ရရေး စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်နေ
နမ္မတူမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး မြို့ကိုလက်မလွှတ်ရေး စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-12-27 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) တို့ တစ်ပတ်ကြာ တိုက်ပွဲပြင်းထန်နေပြီး မြို့ကိုလက်မလွှတ်ရေး စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ပြောပါတယ်။
TNLA တပ်တွေက နမ္မတူမြို့က စစ်တပ်စခန်းနေရာတွေကို ၀ိုင်းထားတာကြောင့် စစ်တပ်က ဂျက်တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ နေ့စဉ်လိုလို လာရောက်တိုက်ခိုက်နေသလို ဒီနေ့မှာလည်း လေကြောင်းကနေ လာရောက် တိုက်ခိုက်နေတယ်လို့ နမ္မတူမြို့ခံတစ်ဦးက ပြောပါတယ်။
“တော်လှန်ရေးအဖွဲ့တွေက စစ်တပ်ကို ဝိုင်းထားပြီး ပစ်နေတာ။ လေယာဉ်လာရင် သေနတ်သံတွေ ရပ်သွားတယ်။ အခုလည်း လေယာဉ်နဲ့ လာပစ်နေတာရှိတယ်။ ဆက်တိုက်ပဲ လာလာပစ်နေတာ”
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေ ပျက်စီးတာရှိသလို ဒီဇင်ဘာလ ၂၅ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ ဒေသခံ နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
TNLA က နမ့်ဆန်နဲ့ မန်တုံမြို့တွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ထားပြီး အဲဒီမြို့တွေနဲ့ နယ်မြေချင်းဆက်နေတဲ့ နမ္မတူမြို့ကို ရရှိနိုင်ရေး ဆက်လက် တိုက်ခိုက်နေတာပါ။
နမ္မတူမြို့က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသက မြို့ ကိုးခုကို သိမ်းပိုက်ထားပြီး နမ္မတူ၊ ကွတ်ခိုင်၊ လားရှိုး၊ လောက်ကိုင် မြို့တွေမှာ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။