ဖမ်းထားတဲ့ နန်းမိုဟွမ် ကို စီရင်ချက်ချတော့မယ်လို့ TNLA ပြော

တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့ TNLA က ဖမ်းဆီးထားတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က နန်းမိုဟွမ် ကို မကြာခင်ရက်ပိုင်းမှာ TNLA တရားစီရင်ရေးအဖွဲ့က စီရင်ချက် ချမှတ်တော့မယ်လို့ သိရပါတယ်။

TNLA က ဖမ်းထားတဲ့ နန်းမိုဟွမ် ကို အမြန်လွှတ်ပေးဖို့ မိသားစုဝင်တွေ နမ့်ခမ်းမြို့မှာ ၂၀၁၈ စက်တင်ဘာလ ၇ ရက်နေ့က ဆန္ဒပြစဉ် Photo: Kan Thar/ RFA

တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့ TNLA က ဖမ်းဆီးထားတဲ့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့က နန်းမိုဟွမ် ကို မကြာခင်ရက်ပိုင်းမှာ TNLA တရားစီရင်ရေးအဖွဲ့က စီရင်ချက်ချမှတ်တော့မယ်လို့ သိရပါတယ်။

လုံခြုံရေးအခြေအနေအရ စီရင်ချက်ချမှတ်မယ့်နေ့ အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ TNLA  ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က  RFA ကို ဒီနေ့ ပြောပါတယ်။

"အမှုကတော့ ရုံးချိန်း နှစ်ခါ စစ်ပြီးပြီ၊ နောက်လာမယ့်အခေါက်ကျရင် သူတို့က စီရင်ချက်ချမယ်၊ ဘယ်တော့ ချမယ်ဆိုတာတော့ တော်လှန်ရေးကာလဖြစ်လို့ ဘယ်နေ့ဘယ်ရက်လဲဆိုတာ အတိအကျမပြောနိုင်ဘူး၊ တော်လှန်ရေးကာလဆိုတော့ တစ်ခါတလေ ရှောင်ရတာတို့ရှိတာပေါ့၊ လုံခြုံရေးအပေါ်မှာလည်း မူတည်သေးတယ်"

TNLA အဖွဲ့က တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို အပြင်းအထန် နာကျင်စေမှုနဲ့ TNLA အဖွဲ့ရဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ နဲ့ နန်းမိုဟွမ်ကို သြဂုတ်လက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ နန်းမိုဟွမ်ရဲ့ ကျန်းမာရေး ကောင်းမွန်နေတယ်လို့လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့အတွက် နန့်ခမ်းမြို့ ဒေသခံတွေက တောင်းဆိုဆန္ဒပြခဲ့ကြသလို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေးပါတီတွေကလည်း ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org