နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေး ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ လက်မှတ်ကောက်ယူ
ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က နမ့်ခမ်းမြို့ခံ ရှမ်းအမျိုး သမီး နန်းမိုဟွမ်ကို ဖမ်းဆီးထားတဲ့ကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီး ပြည်နယ်အစိုးရထံ တင်ပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
-
2018-09-19 -
-
-
ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က နမ့်ခမ်းမြို့ခံ ရှမ်းအမျိုး သမီး နန်းမိုဟွမ်ကို ဖမ်းဆီးထားတဲ့ကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီး ပြည်နယ်အစိုးရထံ တင်ပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အဖမ်းခံထားရတာ တစ်လကျော်နေပြီဖြစ်တဲ့အတွက် ပြည်နယ်သားတစ်ယောက်ရဲ့ ဘဝလုံခြုံရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ကို တင်ပြသွားဖို့ လက်မှတ်တွေကောက်နေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ် က RFA ကို ပြောပါတယ်။
"နမ့်ခမ်းက အရပ်သူ နန်းမိုဟွမ်ကို PSLF/TNLA အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားတာ ၁၇ ရက်နေ့က တစ်လပြည့်သွားပြီ၊ အဲဒါပြည်နယ်သားတစ်ယောက်ရဲ့ ဘဝလုံခြုံရေးအတွက် ရှမ်းပြည်နယ်အစိုးရအနေနဲ့ Action တစ်ခုယူပေးဖို့၊ ကောင်းမွန်စွာ ပြန်လည်လွတ်မြောက်လာဖို့ဆိုတဲ့ဟာမျိုး တင်ဖို့ဟာကို ကျနော်တို့ လုပ်နေတာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်မှတ်တွေ လိုက်ကောက်ခံပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ ကနေတဆင့် ရှမ်းပြည်နယ်အစိုးရကို ပေးပို့သွားဖို့ရှိတယ်၊ အခုထိတော့ ကောက်ခံနေပါတယ်၊ လက်မှတ်တွေ ထိုးနေကြတယ်"
အရင်က အဲဒီကိစ္စကို ပြည်နယ်လွှတ်တော်မှာ အဆိုတင်ဖို့ ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က စီစဉ်ခဲ့ပေမယ့် မလိုလားတဲ့ပြဿနာတွေ မဖြစ်အောင် အဆိုမတင်ဖို့ လွှတ်တော်ဥက္ကဋ္ဌက တားမြစ်ခဲ့တာကြောင့် အခုလို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီး ပြည်နယ်အစိုးရထံ တင်ပြဖို့ဖြစ်လာတာလို့လည်း ပြောပါတယ်။
နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းဒေသခံ ထောင်ပေါင်းများစွာက ပြီးခဲ့တဲ့ ၁၇ ရက်နေ့က နမ့်ခမ်းမြို့မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
နန်းမိုဟွမ်ဟာ TNLA အကောက်ခွန်ဌာနက ဝန်ထမ်းတွေ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ်မှာ ဝတ္တရား နှောင့်ယှက်မှု နဲ့ အရေးယူပေးဖို့TNLA ဗဟိုတရားရုံးကို တိုင်ကြားထားတာကြောင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၃ နဲ့ အမှုဖွင့် အရေးယူထားပြီး စီရင်ချက်ချတဲ့နေ့ကိုလည်း မိသားစုဝင်တွေကို အသိပေးဆက်သွယ်မယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရချိန်က ဒီနေ့အထိ နန်းမိုဟွမ်နဲ့ အဆက်အသွယ် မရသေးတာကြောင့် မိသားစုဝင်တွေဘက်ကလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။