ဟုမ္မလင်းက ရေအားလျှပ်စစ် စီမံကိန်းကို တိုင်းအစိုးရ ဖျက်သိမ်း


2016.11.04
nantmarlon-hydropower-plant-stop-620.jpg နမ့်မာလုံ ရေအားလျှပ်စစ်စီမံကိန်းကို စစ်ကိုင်းတိုင်းအစိုးရနှင့် IPG ကုမ္ပဏီတို့ အောက်တိုဘာလ ၂၈ ရက်နေ့က နှစ်ဦးသဘောတူ ရပ်စဲကြောင်း စာချုပ်ချုပ်ဆိုခဲ့စဉ်
Photo: Sagaing Regional lnformation Page

အရင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ငွေကျပ်သန်း ၆ ထောင်ကျော် ကုန်ကျမယ့် နမ့်မာလုံ ရေအားလျှပ်စစ်စီမံကိန်းဟာ ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်ရရှိမှု မညီမျှတာကြောင့် လက်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းကို ဖျက်သိမ်းလိုက်ပါတယ်။

ကီလိုဝပ် ၆၀၀ ထွက်မယ်ဆိုပေမယ့် နွေရာသီဘက်မှာ လျော့နည်းနိုင်တာကြောင့် မလုံလောက်နိုင်သလို နမ့်မာလုံ သစ်တောကြိုးဝိုင်းအတွင်းမှာ တည်ဆောက်မှာဖြစ်တဲ့အတွက် သစ်တောလည်း ထိခိုက်နိုင်တာကြောင့် ဖျက်သိမ်းလိုက်တာလို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး က ပြောပါတယ်။

"ကီလိုဝပ် ၆၀၀ စက်တပ်ဆင်အား ၆၀၀ ခန့်ဆိုပေမယ့် တပ်ဆင်အားနဲ့ ထွက်တဲ့အားနဲ့ မတူဘူးလေ၊ တပ်ဆင်သလောက်တော့ မထွက်နိုင်ဘူးလေ၊ လျော့ထွက်တာပေါ့၊ အဲတော့ ကီလိုဝပ် ၆၀၀ ဆိုတော့ ဘာမှဒီလောက်မရဘူးလေ၊ တကယ်တမ်းနွေရောက်လို့ရှိရင် တော်တော်ကိုနည်းပါးသွားပြီလေ၊ ကုန်မှာနဲ့ ရမှာနဲ့က တအားမမျှတဲ့အပြင် သစ်တောလည်း ထိခိုက်နိုင်တယ်ပေါ့၊ အဲဒါတွေကို မူတည်ပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ရတာပေါ့နော်။" လို့ ပြောပါတယ်။

အဲဒီရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံတွေနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကန့်ကွက်နေကြ တာဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို အရင်စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ IGP ကုမ္ပဏီတို့ သဘောတူထားတာဖြစ်ပြီး စီမံကိန်းအတွက် ကုမ္ပဏီဘက်က ပထမအရစ်ထုတ်ယူထားတဲ့ ငွေကျပ်သိန်း ၆ ထောင်ကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က တိုင်းအစိုးရအဖွဲ့ကို ပြန်လည်ပေးသွင်းခဲ့ပြီ ဖြစ်ပါတယ်။

စီမံကိန်းအတွက် လျာထားတဲ့ဘတ်ဂျက်ကို ပြည်သူတွေအတွက် တခြားအကျိုးရှိမယ့်နေရာတွေမှာ အသုံးပြုပေးသွား မှာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးစိုးဦး က ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ဆည်စီမံကိန်းအချို့ကိုလည်း ကုန်ကျစရိတ်များပြီး ပြည်သူတွေအတွက် မလိုအပ်ရင် ရပ်ဆိုင်းခိုင်းသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။