နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက် တစ်နိုင်ငံလုံးမှာ ဖွဲ့မည်
2013.08.19
လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ ကူညီဖို့အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက်ကို တစ်နိုင်ငံလုံးမှာ ဖွဲ့စည်း သွားမယ်လို့ နိုင်ကျဉ်းအဖွဲ့ဝင်တွေက ပြောပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးရဲအောင်က ပြောပါတယ်။
“ဒေသအသီးသီးမှာ နိုင်ငံရေးအကျဉ်းသားဟောင်းကွန်ရက် ပေါ်ပေါက်လာဖို့အတွက် ပံ့ပိုးကူညီခြင်းနဲ့ ချိတ်ဆက်ဆောင်ရွက်ခြင်းဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုကို ကူညီပံ့ပိုးပေးသွားဖို့ပါပဲ၊ အဲဒီကွန်ရက်တွေနဲ့ ကျနော်တို့နဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ဖို့ပါပဲ၊ ဒါမျိုးတွေကို သူ့နယ်သူ့နယ်တွေမှာ ပေါ်လာအောင် ကျနော်တို့အနေနဲ့ ဝိုင်းဝန်းကူညီမယ်၊ ကိုယ်ပိုင်ရပ်တည်ချက်တွေနဲ့ ပေါ်လာအောင် ကျနော်တို့က တိုက်တွန်းပြီးတော့ ဖွဲ့စည်းသွားမယ့်သဘောပါ၊ ပြီးတော့မှ ကျနော်တို့နဲ့ အဲဒီအဖွဲ့အစည်းတွေ ချိတ်ဆက်ဆောင်ရွက်မှာဖြစ်ပါတယ်”
လက်ကျန် နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ တစ်ရာကျော်ရှိနေသေးကြောင်း၊ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီရဲ့ စာရင်းအရသိရပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ြငိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ထောင်နီးပါး လောက်ရှိပြီး နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးမယ်လို့လည်း သမ္မတဦးသိန်းစိန်က ပြောဆိုထားပါတယ်။