နတ်တလင်း ဒေသခံ ဆယ်ဦးထက်မနည်းကို စစ်ကောင်စီ သတ်ဖြတ်
နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီးနောက် လူဆယ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။
-
RFA Burmese
2025-01-20 -
-
-
ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာကို ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီးနောက် လူဆယ်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဇန်နဝါရီ ၂၀ ရက် ဒီနေ့မှာ ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေအထဲမှာ ဆီဆုံကုန်းရွာမှာ နေထိုင်တဲ့ ကိုချက်ဖောင်း၊ ကိုမင်းထိုက်၊ ကိုကျော်ကျော်၊ ကိုသန်းဇော်ဦး အပါအဝင် အရပ်သား ဆယ်ဦးထက်မနည်း ပါဝင်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၆၆၊ တပ်မ ၇၇ နဲ့ ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစတပ်က အင်အားတစ်ရာခန့်ဟာ ဇန်နဝါရီလ ၁၅ရက်နေ့မှာ အဲဒီရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆီဆုံကုန်းရွာမှာ ဆက်ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက် ဒီထက်ပိုများလာနိုင်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အိပ်ရာထဲလဲနေတဲ့ ဦးကျော်ကျော်ကလွဲရင် ကျန်သူတွေကို လမ်းပေါ်မှာသတ်တာဗျ။ အဲဒီလိုသတ်တာ မနက်ပိုင်းပဲ။ သတ်တာမြင်ရသလောက်တော့ အမျိုးသားတွေပါ။ အလောင်းတွေ သွားကောက်တော့ စစ်တပ်က သေနတ်နဲ့ လိုက်ပစ်တယ်။ အနားတောင် မရောက်ဘူး သေနတ်နဲ့ပစ်ပြီး လာကောက်ရဲရင်ကောက်ကြ မင်းတို့ပါ သေကုန်မယ်ဆိုပြီး ဆဲနေတာ မကောက်နိုင်ဘူးဗျာ"
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၂ ရက် နေ့ကလည်း ဆီဆုံကုန်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး တစ်ဦး သေဆုံးပြီး ဒေသခံ ရှစ်ဦး ဒဏ်ရာရကာ စစ်တပ်ကရွာမှာ ဝင်ရောက်တပ်ဆွဲထားတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဆီဆုံကုန်းရွာဟာ အိမ်ခြေခြောက်ရာခန့်နဲ့ လူဦးရေ သုံးထောင်ခန့်နေထိုင်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေရတာကြောင့် ဒေသခံတွေအနေနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး တုန့်ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဆီဆုံကုန်းရွာအရှေ့ဘက် ရိုးမထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် ပဲခူးရိုးမအစပ်က ကျေးရွာတွေကို နယ်မြေစိုးမိုးရေးအတွက် စစ်ကောင်တပ်က လက်နက်ကြီးတွေအသုံးပြုကာ စစ်ကြောင်းထိုး ဝင်ရောက်နေတာလို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလဆန်းကနေ အောက်တိုဘာလ ၇ ရက်နေ့အထိ ဆယ်လအတွင်း အရပ်သားတွေ အစုလိုက်အသတ်ခံရတဲ့ ဖြစ်ရပ်တွေကို ပေါင်းလိုက်ရင် ၄၃၅ ဦး အထိရှိတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။