နောင်ချိုတိုက်ပွဲ ကလေးငယ်နှစ်ဦး လက်နက်ကျည်ထိမှန်သေဆုံး
2023.04.06

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဟိုခိုနဲ့ သံဘိုကျေးရွာအနီးမှာ ဧပြီလ ၅ ရက်နေ့က စလို့ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
မနေ့ကညနေပိုင်း သံဘိုရွာအနီးဖြစ်တဲ့ တိုက်ပွဲမှာတော့ အရပ်သားငါးဦး လက်နက်ကျည် ထိမှန်ခဲ့ပြီး ကလေးငယ် နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာနားမှာဖြစ်ကြတော့ ကျည်ထိမှန်သွားတာ။ နှစ်ယောက်ဆုံးတယ်၊ သုံးယောက် ဒဏ်ရာရသွားတယ်။ တိုက်ပွဲက ဒီနေ့ ညနေပိုင်းအထိ ဖြစ်နေတုန်း လက်နက်ကြီးတွေ နဲ့ပါ ပစ်နေတာ”
သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် တစ်နှစ်အရွယ်တစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူတစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ဟိုခို၊ ဟိုခဲ၊ ကုန်းကြီး၊ သံဘို စတဲ့ ကျေးရွာတွေက ဒေသခံ တစ်ထောင် ကျော်ဟာ နောင်ချို မြို့ ပေါ်နဲ့ နီးစပ်ရာဘုန်းကြီးကျောင်းတွေကို တိမ်းရှောင်နေရတယ်လို့ ကိုယ်တိုင်စစ်ဘေး တိမ်းရှောင်နေရတဲ့ ဟိုခိုရွာဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကတည်းက ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်နိုင်ခြေရှိလို့ ဒေသခံတွေ တိမ်းရှောင်ဖို့ PDF တပ်ဖွဲ့တွေက ပြောကြားခဲ့ပြီး ဧပြီ ၅ ရက် မနေ့ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်က သုံးဆယ်ရွာကနေ ဟိုခိုရွာ ဘက်ကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ် ခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်ဘက် မနေ့ကညနေပိုင်းမှာ သုံးဆယ် ရွာထဲကိုရောက်လာတယ်။ ဟိုခိုရွာနား မှာကျတော့ PDF တွေက ရှိနေတာ။ ဟိုခိုနဲ့ သုံးဆယ်က ရှစ်မိုင်လောက်ပဲဝေးတာ။ အရင် ရက်တွေထဲ က PDF က ရွာသားတွေကိုရှောင်ဖို့ ပြောထားတာရှိတယ်။ စစ်တပ်က သုံးဆယ်ရွာမှာ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်နေတာ”
မနေ့က တစ်ရက်တည်းမှာတင် လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ပြော ပါတယ်။ လက်နက်ကြီးကျလို့ ဟိုခိုရွာက နေအိမ်တစ်လုံး ပျက်စီးခဲ့တယ် လို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ မေးမြန်းတာမှာတော့ လတ်တလော ဖြေကြားလို့မရနိုင်သေးဘူးလို့ ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ် ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ NUG နဲ့ PDF နဲ့ သူတို့တွေကို ကူညီနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းသွားမယ်လို့ မတ်လ ၂၇ ရက်နေ့ကပြုလုပ်တဲ့ တပ်မတော်နေ့ မိန့်ခွန်း မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ဟိုခိုရွာမှာ အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၂၀၀၀ ကျော်နေထိုင်ပြီး ပြင်ဦးလွင်၊ နောင်ချို၊ မိုးကုတ်ကို ဆက် သွယ်ထားတဲ့ လမ်းဆုံရွာကြီး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်ရေးအခြေ အနေကြောင့် အဲဒီလမ်းပိုင်းကို နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေက ပိတ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လ ကစတင်ပြီး နောင်ချိုမြို့ နယ်အတွင်းက ဒိုးပင်၊ ကုလားကွဲ၊ လုံခံ စတဲ့ ကျေးရွာတွေ အနီးမှာ စစ်ကောင်စီနဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာခဲ့ရပါတယ်။