နောင်ချိုက စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ပြော

ဧပြီလ ၁၅ ရက်နေ့ မနက် ငါးနာရီကျော်က စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ညနေ လေးနာရီကျော်မှာ အပြီးသတ် သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားစဉ်။ Mandalay People’s Defence Force

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာက စစ်ကောင်စီစခန်းကို ဧပြီလ ၁၅ ရက်နေ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဧပြီလ ၁၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီလ ၁၅ ရက်နေ့ မနက် ငါးနာရီကျော်က စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ညနေ လေးနာရီကျော်မှာ အပြီးသတ် သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ရုပ်အလောင်း ၂၁ လောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီစခန်းကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းနှစ်ကြောင်းကိုလည်း ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ ဖော်ပြပေမဲ့ အရေအတွက်အတိအကျကိုတော့ ထုတ်ပြန်တာ မရှိပါဘူး။

ဧပြီလ ၁၄ ရက်နေ့ညကလည်း ပြင်ဦးလွင်မြို့က စစ်ကောင်စီရဲ့စစ်တက္ကသိုလ် (DSA)ကို ရှော့တိုက်ဒုံး အလုံး နှစ်ဆယ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org