နောင်ချိုနဲ့ နမ့်ဆန်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

နောင်ချိုနဲ့ နမ့်ဆန်မြို့တွေကို စစ်တပ်က အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရသည့် နောင်ချိုမြို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ က တွေ့ရစဉ်။ Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ နမ့်ဆန်မြို့တွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက် ဒီနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ရဲ့ ပြောခွင့်ရသူ လွေးယေဦး က RFA ကို ပြောပါတယ်။

“နောင်ချိုမှာ တိုက်ပွဲဖြစ်တာမရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ပါတယ်။ နမ့်ဆန်မြို့မှာလည်း ကျောက်ဖြူလေးရွာဘက်မှာ လေကြောင်းကနေလာပြီး ဗုံးကြဲတိုက်ခိုက်တာ ရှိပါတယ်”

နောင်ချိုမြို့ သပြေရေးရပ်ကွက်ကို ဒီနေ့မနက် ၁ နာရီအချိန်မှာ ပေါင်သုံးရာဗုံး နှစ်လုံးအပါအဝင် ဗုံးခြောက်လုံး ကြဲချခဲ့တာကြောင့် နေအိမ်နဲ့ ဆိုင်ခန်းတချို့ ပျက်စီးပြီး အရပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒီအပြင် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးရွာကိုလည်း ဒီနေ့မနက် ၈ နာရီခွဲမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်း အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား လေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

နောင်ချိုနဲ့ နမ့်ဆန်မြို့နယ်တွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မြို့တွေ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က ပြင်ဦးလွင်-နောင်ချိုကားလမ်းပေါ် အုမ္မသီးရွာလမ်းခွဲနေရာကို စစ်ကြောင်းထိုးလာတာကြောင့် TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org