မြဝတီမှာ သတင်းထောက် နှစ်ဦး အဖမ်းခံရချိန် ရိုက်နှက်ခံရ
ရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဖမ်းဆီးတာခံရပြီး မနေ့ က ပြန်လွှတ်လာတဲ့ သတင်းထောက် နှစ်ယောက်က သူတို့ကို ထိန်းသိမ်းခဲ့သူတွေက ရိုက်နက်နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။
-
သန့်ဇင်ဦး
2020-03-06 -
-
-
ကရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဖမ်းဆီးတာခံရပြီး မနေ့က ပြန်လွှတ်လာတဲ့ သတင်းထောက် နှစ်ယောက်က သူတို့ကို ထိန်းသိမ်းခဲ့သူတွေက ရိုက်နက်နှိပ်စက်ခဲ့တယ်လို့ ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ သောင်ရင်မြစ်ဘေး BGF ထိန်းချုပ်နယ်မြေထဲက သဲပုံဆိပ်မှာ အသစ်ဆောက်လုပ်နေတဲ့ ကာစီနိုလုပ်ငန်း အဆောက်အဦတွေကို မတ်လ ၄ ရက်နေ့က ဓာတ်ပုံရိုက်နေတုန်း ဖမ်းဆီးခံခဲ့ရတာပါ။
နော်ဘတ်တီဟန်က ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ RFA ကို ဒီကနေ့ ပြောပါတယ်။
“ညီမတို့ကို လုံခြုံရေးအရ ဆိုပြီးတော့ မျက်နှာတွေကိုအုပ်ပြီးတော့ ရာဘာတောလိုတစ်နေရာကိုခေါ်သွားတယ်၊ ညီမတို့ သေချာလည်း မမြင်ရဘူး၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး၊ အဲ့အချိန်မှာ နောက်ထပ်ကားတစ်စီး ထပ်ရောက်လာပြီးတော့ လက်နက်ကိုင်တွေ နှစ်ယောက်လောက် ပါတယ်၊ သူတို့က ရိုက်တာနှက်တာတွေ လုပ်တယ်၊ အဓိကကတော့ ယောက်ကျားလေးကို ပိုရိုက်တယ်ပေါ့နော်၊ မျက်နှာကို ကန်တာတွေဘာတွေ လုပ်တယ်၊ ညီမကိုကျတော့ လက်ကိုခြေထောက်နဲ့နင်းတယ်၊ နားရင်းတွေ ဘာတွေ ရိုက်တယ်၊ ပြီးတော့ ဖုန်းတွေဘာတွေ Password (လျှို့ဝှက်နံပါတ်) ဖွင့်ခိုင်းတယ်၊ နောက်ပီးတော့ ဘယ်သူ့ကိုစာပို့လဲ ဆိုတာမျိုးတွေ သူတို့ပြောတယ်။ ထမင်းလည်း မကျွေးဘူး ညီမတို့ကို၊ လွှတ်ခါနီး တစ်နာရီလောက်အလိုမှ အတင်းလာကျွေးတာ”
သတင်းထောက် နော်ဘက်တီဟန်ဟာ ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဖေဖော်ဝါရီလတုန်းက နယ်ခြားစောင့်တပ်ဖွဲ့ BGF ထိန်းချုပ်ရာနယ်မြေမှာ မြေအရောင်းအဝယ်ဖြစ်နေတာတွေ၊ BGF နဲ့ တရုတ်တို့ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို စုံစမ်းဖော်ထုတ်ပြီး ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းမှာ ရေးသားခဲ့ပါတယ်။
နော်ဘတ်တီဟန်နဲ့ အတူအဖမ်းခံရတဲ့ Myanmar Time ရဲ့ ဓာတ်ပုံသတင်းထောက် မားနော်ကလည်း အပြင်းအထန် နှိပ်စက်ခံခဲ့ရတယ်လို့ ဒီနေ့ RFA ကို ပြောပါတယ်။
“သူတို့ကတော့ အဲဒီအချိန်မှာ ကျွန်တော့်ကို သေပြီလို့ပဲ ထင်တာ။ သေနတ်မှာပါတဲ့ ဓားဖြစ်လိမ့်မယ်၊ အဲဒါနဲ့လည်း လည်ပင်းထိုးဖို့ ရွယ်တယ်၊ မျက်နှာကို ဟိုဘက်ဒီဘက် အားကန်ကို ကန်တယ်၊ သေချာ အားနဲ့ ကန်ပြီးတော့ မျက်နှာတည့်တည့်ကို ကန်တယ်၊ နှာခေါင်းသွေး တော်တော်လျှံသွားတယ်”
သတင်းထောက်တွေကို ဖမ်းဆီးနှိပ်စက်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူမယ်လို့ ကရင် နယ်ခြားစောင့်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်က ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနကို ပြောပါတယ်။
“ပတ်သက်ခဲ့တဲ့ ကျုးလွန်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်မယ်၊ ကျွန်တော်တို့ အခုလည်း ဖော်ထုတ်ပြီးပီ၊ ထိန်းသိမ်းထားတယ်၊ ပြီးတော့ ထိထိရောက်ရောက် အရေးယူဖို့ အထက်က လူကြီးတွေ ထပ်ပြီးတော့ စီစဉ်ဆောင်ရွက်ပါလိမ့်မယ်” လို့ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကတော့ သတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ညွှန်ကြားလာတာကြောင့် ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း RFA ကို ဖုန်းနဲ့ပြန်ပြောခဲ့ပါတယ်။
သတင်းထောက် ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာသတင်းမီဒီယာကောင်စီကလည်း အရေးပေါ် အစည်းအဝေးခေါ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရဲမှူးတို့ကို ဆက်သွယ် အကူအညီ တောင်းခံခဲ့တယ်လို့ ကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က RFA ကို မနေ့က ပြောပါတယ်။
သတင်းထောက်တွေကို တစ်ရက်ကျော်အကြာ ဖမ်းဆီးပြီး ရိုက်နှက် နှိပ်စက်ခံခဲ့ရတာကတော့ မဖြစ်သင့်ဘူးလို့ Frontier Myanmar မဂ္ဂဇင်းရဲ့ မြန်မာပိုင်း အယ်ဒီတာ နန္ဒက ပြောပါတယ်။
အမှုဖွင့် တရားစွဲဆိုဖို့ အစီအစဉ်ရှိမရှိ ကိုတော့ ကာယကံရှင်အပါအဝင် တာဝန်ရှိသူတွေနဲ့ တိုင်ပင်ရဦးမယ်လို့ နန္ဒက ပြောပါတယ်။
“ဟုတ်ကဲ့ ကျွန်တော်တို့ သတင်းထောက်ရယ်၊ အယ်ဒီတာရယ်၊ ထုတ်ဝေသူရယ်၊ ကျွန်တော်တို့တွေ တွေ့ဆုံပြီးတော့ ဆွေးနွေးတိုင်ပင်ရမှာမှာ ဒီကိစ္စကို၊ ဆွေးနွေးတိုင်ပင်ပြီးတော့မှ ဆုံးဖြတ်မှာပါ ဒီကိစ္စကို၊ သတင်းထောက်ရဲ့သဘောထားကိုလည်းမေးမြန်းသွားမှာပါ၊ သတင်းထောက်မှန်းသိသိကြီးနဲ့ ဒီလို ခေါ်သွားပြီးတော့ ဒီလိုရိုက်နှက်တယ်ဆိုတာ တော်တော်လေးကို မကောင်းဘူးပေါ့နော်၊ အကြီးအကဲတွေက ဒီကိစ္စကို အပေါ်ပိုင်းကခိုင်းတာမဟုတ်ဘူးလို့ ပြောကြပါတယ်၊ ဒါပေ့လည်း ဒီလိုမျိုး အောက်ခြေက လူတွေကိုလည်း မီဒီယာတွေ အရပ်သားတွေနဲ့ ဆက်ဆံတဲ့အခါကြရင် ဒီလိုမျိုး ကိုယ်ထိလက်ရောက်တွေ မဖြစ်ဖို့ ဒီလိုမကျူးလွန်ဖို့ အပေါ်ကလူတွေကလည်း သွန်သင်ဖို့လိုတယ်လို့ ဒီကိစ္စက မီးမောင်းထိုးပြတာပေါ့။”
၂၀၁၄ ခုနှစ်ကလည်း အလွတ်သတင်းထောက် ကိုပါကြီးဟာ တပ်မတော်စခန်းတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်း ခံနေရစဉ် သေဆုံးသွားပါတယ်။
တပ်မတော်ဘက်ကတော့ ကိုပါကြီးဟာ သေနတ်လုဖို့ ကြိုးစားတာကြောင့် အပစ်ခံရတာလို့ ပြောခဲ့ပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးအုပ်ချုပ်တဲ့ BGF တပ်ဖွဲ့ဟာ တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့တပ်ဖွဲ့ ဖြစ်ပြီး၊ ထိုင်း-မြန်မာနယ်စပ်မှာ ဒေါ်လာဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်ကုမ္ပဏီနဲ့ ပူးတွဲလုပ်ကိုင်နေတာပါ။ အဲဒီလုပ်ငန်းတွေထဲမှာ ကရင်ပြည်နယ်က တရုတ်မြို့သစ် ရွှေကုက္ကိုစီမံကိန်းနဲ့ အငြင်းပွားဖွယ်ရာ လိုင်စင်မဲ့ ကာစီနိုလောင်းကစားရုံတွေဟာ လူသိများတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။