နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား

နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။

"မနေ့ကနေပြီးတော့ ကျောင်းနှစ်ကျောင်း မီးရှို့လိုက်တယ်။ ပြီးတော့ တစ်ကျောင်းကတော့ သူက ၄၂ သိန်းပေးပြီးတော့ ဖျက်ဆီးလိုက်တာပေါ့။ အဲတာကို ဓမ္မဒီပကျောင်းက သူကဖျက်ဆီးလိုက်တယ်။ ကျန်တဲ့သစ်တွေကို ရွှေနံ့သာကို သွားပို့ပေးလိုက်တယ်"

ကျောင်းတွေ ဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန် နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရသီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"ရန်ကုန် မန္တလေး အဝေးပြေးလမ်းနဲ့ နေပြည်တော် မြို့ပတ်လမ်းတဝိုက်နဲ့ မလွတ်ကင်းတဲ့ ဘုန်းကြီးကျောင်းတွေ ပေါ့လေ၊ ဖျက်ခိုင်းနေတော့ ကျောင်းပေါင်းက ၃၀ ကျော်တယ်၊ စာရင်းပေါက်တာ။ အဲဒီထဲမှာက ကျွန်တော် ဥတ္တရသီရိက ကျောင်းပေါင်း ၂၀ ကျော်ပါတယ်။ အဲတာကို မနက်ဖြန်ပေါ့လေ၊ ၅ ရက်နေ့ နောက်ဆုံးထားပြီးမှ ဖျက်မဖျက် အကြောင်းပြန်ဖို့ နေပြည်တော်ကောင်စီ စည်ပင်သာယာရေးကော်မတီ စီမံရေးရာဋ္ဌာနက အကြောင်းကြားတယ်တဲ့၊ ဘုန်းကြီးကျောင်းတွေကို"

ဖျက်ရမယ့် ညွှန်ကြားခံရတဲ့ ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝမရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို ကျောင်း ၉ ကျောင်းက အကြောင်းမပြန်ဘူးလို့ သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုး ပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့် သဘောထားရှိတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းတွေ ဖျက်ဖို့ ညွှန်ကြားထားတဲ့ နေပြည်တော် စည်ပင်သာယာဋ္ဌာနကတော့ ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျ လျှောက်ထား ပန်ကြားတာ မရှိသေးဘူးလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org