နေပြည်တော်လေတပ်တိုက်ခိုက်မှု ၁၆ ဦး သေဆုံးကြောင်း MKCDF ထုတ်ပြန်

အေလာလေတပ်စခန်းကို တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ လေတပ်အရာရှိလေးဦးအပါအဝင် ၁၆ ဦးသေဆုံးခဲ့တယ်လို့ MKCDF က ထုတ်ပြန်ပါတယ်။

နေပြည်တော်က အေလာလေတပ်စခန်းကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် ရှော့တိုက်ဒုံးများကို တွေ့ရစဉ်။ Brave Warriors for Myanmar-BWM

နေပြည်တော်က အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီရဲ့ လေတပ်အရာရှိလေးဦးအပါအဝင် ၁၆ ဦးသေဆုံးခဲ့တယ်လို့ တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့ (MKCDF) က ဇူလိုင်လ ၁၆ ရက်နေ့ညက ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ မနက်က အေလာလေတပ်ကို ရှော့တိုက်ဒုံး ခုနစ်လုံးပစ်ခတ်ခဲ့ရာ ငါးလုံးထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ပြီး ကနဦးစုံစမ်းမှုတွေအရ လေတပ်အရာရှိလေးဦးနဲ့ အခြားအဆင့် ၁၂ ဦး သေဆုံးခဲ့သလို တိုက်လေယာဉ်နှစ်စင်းအပါအဝင် လေယာဉ်သုံးစင်း ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် လေတပ်ထဲက အဆောက်အဦ လေးလုံး၊ လက်နက်တိုက်တစ်လုံး၊ လေယာဉ်ပြုပြင်ရေး အပိုပစ္စည်းဂိုဒေါင်ရုံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် လေတပ်အရာရှိသုံးဦးနဲ့ အခြားအဆင့်ခုနစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ အေလာလေတပ်ကနေ စစ်ကောင်စီက ကရင်နီဒေသ၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ကို ဗုံးကြဲရာမှာ အသုံးပြုတဲ့ အဆင့်မြင့်လေဆိပ်ဖြစ်သလို စစ်ဗိုလ်ချုပ်တွေ ပြည်ပထွက်တဲ့ လေဆိပ်ဖြစ်တာကြောင့် တိုက်ခိုက်တာလို့လည်း ဆိုပါတယ်။

အေလာလေတပ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အေလာလေတပ်ပစ်ခတ်မှုမှာ MKCDF နဲ့အတူ Brave Warriors for Myanmar (BWM) နဲ့ Mercury Revolution Force (MRF) အဖွဲ့တို့ပူးပေါင်းပါဝင်ခဲ့ပြီး နေပြည်တော် အေလာလေတပ်ကို ငါးကြိမ်မြောက် တိုက်ခိုက်ခဲ့တာလို့လည်း ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org