ကျပ်သန်း ၁၅ဝဝ ကျော်တန်တဲ့ လမ်းပိုင်း အရည်အသွေး မမီလို့ ပြန်ခင်းခိုင်း
နေပြည်တော်ကောင်စီနယ်မြေက ပုဗ္ဗသီရိနဲ့ တပ်ကုန်းကို ဆက်သွယ်ထားတဲ့ ကျပ်သန်း ၁၅ဝဝ ကျော် တန်ဖိုးရှိ အမှတ် ၃ လမ်းပိုင်းကို ခင်းရာမှာ အရည်အသွေး မပြည့်မီတဲ့အတွက် ပြန်ခင်းပေး ဖို့အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
-
2017-05-06 -
-
-
နေပြည်တော်ကောင်စီနယ်မြေက ပုဗ္ဗသီရိနဲ့ တပ်ကုန်းကို ဆက်သွယ်ထားတဲ့ ကျပ်သန်း ၁၅ဝဝ ကျော် တန်ဖိုးရှိ အမှတ် ၃ လမ်းပိုင်းကို ခင်းရာမှာ အရည်အသွေး မပြည့်မီတဲ့အတွက် ပြန်ခင်းပေးဖို့အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အဲဒီလမ်းပိုင်းကို လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီ ၃ ခုလုံးက ပြည်သူတွေစိတ်တိုင်းကျ အရည်အသွေး ပြည့်မီအောင်ပြန် ခင်းပေးဖို့ ကတိပေးထားတယ်လို့ လမ်းကိုသွားရောက်စစ်ဆေးခဲ့တဲ့ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က ပြောပါတယ်။
"ပြီးတဲ့လမ်းတွေကိုသွားကြည့်တော့ လမ်းတွေက တော်တော်ဆိုးဆိုးဝါးဝါး ပျက်နေတာကို ဒေသ ခံတွေရော လွှတ်တော်ကိုယ်စားလှယ်တွေရော သက်ဆိုင်ရာဌာန နေပြည်တော်စည်ပင် ကို ဆွေးနွေးပြောတော့ အရည်အသွေးမပြည့်တာကတော့ ကုမ္ပဏီ ၃ ခုလုံးပါပဲ၊ ကုမ္ပဏီဘက် ကတော့ ဒေသခံပြည်သူတွေရာ လွှတ်တော်ကိုယ်စားလှယ်တွေရော အကြိုက်ဖြစ်အောင် ပြန်ပြင်ပေး မယ်လို့ ဒီနေ့ နောက်ဆုံးအစည်းအဝေးမှာ သူတို့ဘက်က ကတိပြုပါတယ်"
လမ်းကို ဒီနှစ် မတ်လမှာ စတင်ခင်းခဲ့တာဖြစ်ပြီး ၅ဝ ရာခိုင်နှုန်းပြီးစီးချိန်မှာ ဒေသခံပြည်သူတွေက လမ်းအရည် အသွေး မကောင်းကြောင်း တိုင်ကြားလာတဲ့အတွက် ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်ဖောက်လုပ် ဖို့ နေပြည်တော်ကောင်စီ စည်ပင်သာယာရေးကော်မတီက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
အခုလအတွင်းမှာ အပြီးအစီးအပ်နှံရမှာဖြစ်ပေမယ့် အချိန် ၁ လ ထပ်တိုးပေးထားပြီး ဇွန်လမှာ အပြီးဖောက် လုပ်ပေးဖို့ ပြောကြားထားတယ်လို့ ပြောပါတယ်။
ပုဗ္ဗသီရိနဲ့ တပ်ကုန်းကို ဆက်သွယ်ထားတဲ့ အမှတ် ၃ လမ်းပိုင်းကို A1, TZTN နဲ့ Royal Lotus ကုမ္ပဏီတွေက တာဝန်ယူတည်ဆောက်နေတာဖြစ်ပြီး သတ်မှတ်အချိန်အတိုင်း လုပ်ငန်းမပြီးစီးရင် စာချုပ်ပါအတိုင်း အရေးယူ မှုတွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။