ရွေးကောက်ပွဲမှာ လက်နက်ကိုင် တပ်တွေ ဝင်မစွက်နိုင်အောင် လုပ်ပေးဖို့ NBF တောင်းဆို


2016.11.09
nbf-anniversary-620.jpg NBF ပါတီရဲ့ ၂၇ ကြိမ်မြောက်ညီလာခံကို နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပစဉ်
Photo: Nationalities Brotherhood Federation - NBF/ Facebook

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလက ဒေသတချို့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပါဝင်စွက်ဖက်မှုတွေကြောင့် တရားမျှတတဲ့ အခြေအနေမျိုးမရှိခဲ့ကြောင်းနဲ့ လာမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီလိုအခြေအနေတွေ မဖြစ်အောင် ကော်မရှင်ဘက်က ဆောင်ရွက်ပေးစေလိုတယ်လို့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိတို့နိုင်စေချင်တဲ့ ပါတီကို ဘက်လိုက်ပြီး ဒေသခံတွေကို မဲပေးခိုင်းတာမျိုး ဆက်မလုပ်ဖို့လိုတာကြောင့် အခုလိုကြေညာချက်ထုတ်ပြန်တာဖြစ်တယ်လို့ NBF အဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဌ ဦးစောသန်းမြင့်က ပြောပါတယ်။

" ပြောမယ်ဆိုရင်တော့ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တော်တော် များများ ဝင်ရောက်စွက်ဖက်ထားတာ ဦးတို့တွေ့ရတယ်ပေါ့။ အားလုံးလည်းသိတယ်။ အစိုးရလည်းသိ တယ်။ ကော်မရှင်ကလည်းသိတယ်။ ဒါပေမဲ့ ဘာမှတိုင်တာတောတာ ပြဿနာတွေ မလုပ်ခဲ့ဘူးပေါ့။ ဒါပေမဲ့ အဲ့တစ်ကြိမ်ပဲပြီးပါစေတော့။ နောက်လာမယ့်ကိစ္စတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နောက်လာ မယ့်ရွေးကောက်ပွဲတွေမှာ ဘက်မလိုက်ဖို့၊ သူတို့နိုင်စေချင်တဲ့ ဘက်ကိုဖိအားပေးတာ။ မဲပေးဖို့ ဖိအားပေး တာ ပြည်သူတွေကို။ အဲ့ဒီအထောက်အထားတွေက ဦးတို့ အားလုံးရှိတယ်။ ရှမ်းပြည်မှာဆိုရင်။"

လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ရန်ကုန်၊ စစ်ကိုင်း၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တွေက လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာလ ၂၃ ရက် နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ နေရာထဲက ၈ နေရာဟာ ရှမ်းပြည်နယ်အတွင်းက ကျိုင်းတုံ၊ ညောင်ရွှေ၊ မိုင်းရှူး နဲ့ ကျေးသီးမြို့နယ်တွေက ဖြစ်ပါတယ်။

မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တွေဟာ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA က တပ်တွေ လှုပ်ရှားတဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလက နယ်မြေ မအေးချမ်း တာကြောင့် ရွေးကောက်ပွဲ ကျင်းပဖို့ ချန်လှပ်ထားခဲ့တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသား ပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အစရှိတဲ့ တိုင်းရင်းသားပါတီ ၂၂ ပါတီနဲ့ ဖွဲ့စည်းထားပြီး NBF ရဲ့၂၇ ကြိမ်မြောက်ညီလာခံကို ဒီနေ့ ရန်ကုန်မြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။