NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၆ ဖွဲ့ စီးပွားရေးကုမ္ပဏီ ထောင်မည်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အဖွဲ့ ၆ ခု ပူးပေါင်းပြီး တည်ထောင်မယ့် စီးပွားရေးကုမ္ပဏီကို လာမယ့် စက်တင်ဘာလအတွင်း မှတ်ပုံတင်သွားဖို့ ရှိပါတယ်။
-
2018-08-15 -
-
-
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထဲက အဖွဲ့ ၆ ခု ပူးပေါင်းပြီး တည်ထောင်မယ့် စီးပွားရေးကုမ္ပဏီကို လာမယ့် စက်တင်ဘာလအတွင်း မှတ်ပုံတင် သွားဖို့ ရှိပါတယ်။
အပစ်ရပ်စဲပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရေရှည်ရပ်တည်ရေးအပြင် နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုဖြစ်စဉ်မှာ ပါဝင်နိုင်ရေးအတွက် အခုလိုဆောင်ရွက်တာလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကပြောပါတယ်။
"ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်နဲ့ နိုင်ငံရေးပြုပြင် ပြောင်းရေးဖြစ်စဉ်မှာ ကျနော်တို့ပါဝင် ဆောင်ရွက်နေသလို ပဲ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာလည်း ကျနော်တို့က ပါဝင်ဆောင်ရွက် နိုင်ဖို့နဲ့ ရေရှည်မှာ ကျနော်တို့ ရပ်တည်ဖို့ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းလောက်က ဖြစ်နိုင် ပါတယ်။ သို့ပေမယ့် အခုလောလောဆယ်မှာ ကျနော်တို့ ရက်အတိအကျကို သတ်မှတ်ထားတာမရှိလို့ပါ"
ပြီးခဲ့တဲ့ တစ်နှစ်လောက်က စတင်ပြီး ကုမ္ပဏီထူထောင်ဖို့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်တယ် လို့ ပြောပါတယ်။
ကုမ္ပဏီထူထောင်မယ့် အဖွဲ့တွေကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အောက်တို ဘာလ ၁၅ ရက်နေ့က အပစ်ရပ်လက်မှတ် ရေးထိုးခဲ့တဲ့ အပစ်ရပ် ၈ ဖွဲ့ထဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPနဲ့ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့တွေ ဖြစ်ပါတယ်။
အဲဒီလို စုပေါင်းကုမ္ပဏီထူထောင်ရာမှာ အပစ်ရပ်လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ ရှမ်းပြည်တပ်မတော် RCSS / SSA နဲ့ KNU အဖွဲ့နှစ်ဖွဲ့မပါသလို အခုနှစ် ဖေဖော်ဝါရီလက လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် ပါတီလည်း မပါဝင်သေးပါဘူး။
ကုမ္ပဏီအနေနဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုတာနဲ့ ဘယ်ဒေသတွေမှာ ဆောင်ရွက်မယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။
ကုမ္ပဏီရဲ့ အုပ်ချုပ်မှုပိုင်းမှာ လုပ်ငန်းပိုင်းဆိုင်ရာမှာ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ ခေါင်းဆောင် တွေကို ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေအဖြစ် ပါဝင်ဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။