အပစ်ရပ်လက်မှတ်ထိုးပွဲ ဒေါ်အောင် ဆန်းစုကြည် မတက်ရောက်ဘူးလို့ NLD ပြော
အောက်တိုဘာ ၁၅ ရက်နေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ရဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ဆိုပွဲမှာ အသိသက်သေအဖြစ် ဖိတ်ကြားလာရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ဒီကနေ့ အတည်ပြုပြောဆိုလိုက်ပါတယ်။
-
2015-10-09 -
-
-
အောက်တိုဘာ ၁၅ ရက်နေ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ရဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပွဲမှာ အသိသက်သေအဖြစ်ဖိတ်ကြားလာရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တက်ရောက်မှာမဟုတ်ဘူးလို့ NLD ပါတီက ဒီကနေ့ အတည်ပြုပြောဆိုလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းရာမှာ လက်မှတ်ထိုးပွဲကို အသိသက်သေအဖြစ်ဖိတ်ကြားရင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာမဟုတ်တဲ့ အကြောင်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာကြောင့် မတက်ရောက်တာလဲဆိုတာကိုတော့ အကြောင်းပြချက် မပေးနိုင်ဘူး လို့ ဦးဝင်းထိန်က RFA ကိုပြောပါတယ်။
အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း သူ့အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဖွဲ့အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မဟုတ်သေးတဲ့ အတွက်ကြောင့် အသိသက်သေအဖြစ် တက်ရောက်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်က RFA ကို ပြောဆိုထားပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဖို့ ငြင်းဆိုပါတယ်။
ရှေ့သတင်းပတ်ထဲမှာ ပြုလုပ်ဖို့စီစဉ်နေတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ရဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တစ်ချို့နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တချို့ကို အသိသက်သေအဖြစ် ဖိတ်ကြားမယ်လို့ KNU အထွေထွေအတွင်းရေးမှူးက RFA ကိုပြောဆိုထားတာဖြစ်ပါတယ်။