စစ်တွေက ရိုဟင်ဂျာတစ်ဦး အမတ်လောင်းလျှောက်လွှာ ပယ်ချခံရ
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ကိုယ်စားလှယ်လောင်းလျှောက်လွှာ တင်ထားသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးအဓူရော်ရှိကို စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချလိုက်ပါတယ်။ ဦးအဓူရော်ရှိကို မွေးဖွားစဉ်က မိဘတွေဟာ နိုင်ငံသားမဖြစ်ဘူးဆိုတဲ့ အကြောင်းပြချက် ပယ်ချပေမယ့် ကာယကံရှင်ကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
-
သန့်ဇင်ဦး
2020-08-14 -
-
-
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီကနေ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း လျှောက်လွှာ တင်ထားတဲ့ ဦးအဓူရော်ရှိကို စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချလိုက်ပါတယ်။
သူ့ရဲ့ မိဘတွေဟာ သူ့ကို မွေးဖွားစဉ်က နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မရှင်က ပယ်ချလိုက်တာဖြစ်တယ်လို့ ဦးအဓူရော်ရှိက ပြောပါတယ်။
"ကျွန်တော့အဖေက ဝန်ထမ်းဖြစ်တယ်၊ ကျွန်တော့အဖေက ကျွန်တော်မမွေးခင်ကတည်းက အစိုးရဝန်ထမ်း အရာရှိတစ်ဦးဖြစ်တယ်၊ ရေယာဉ်ဦးစီးဌာနမှာ ရေယာဉ်အုပ်၊ ၃၈ နှစ်အထိ အစိုးရဌာနမှာ အလုပ်လုပ်ခဲ့တယ်၊ ပင်စင်ရခဲ့တယ်၊ ကျွန်တော့အမေက လက်ရှိအချိန်ထိ ပင်စင်က စားနေတုန်းပဲ၊ နောက်တစ်ချက်က ကျွန်တော့အမေက အခုလက်ရှိ (နိုင်) ကိုင်ထားတယ်၊ ကျွန်တော်ပြောတာက ကျွန်တော့အမေက ဘာဖြစ်လို့ (နိုင်)ရခဲ့တာလဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့အမေရဲ့ ဒီ အမတ သုံးခေါက်ချိုးက မှန်ကန်လို့၊ အဲအချိန်က နိုင်ငံသားဖြစ်လို့ ကျွန်တော့အမေက အခုမှ (နိုင်) ရထားဆိုတော့ ကျွန်တော်မမွေးခင်ကတည်းက နိုင်ငံသားတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့ သူတို့ကိုပြောပေးလိုက်တယ်၊ အဲတော့ သူတို့က တစ်ခုပဲပြောတာက “ဆရာပြောတာတော့ လက်ခံတယ် ကျွန်တော်တို့မှာကျတော့ ခင်ဗျားရဲ့မိဘကို နိုင်ငံသားအဖြစ် ဆုံးဖြတ်ချက်ချဖို့ ကျွန်တော်တို့မှာ အခွင့်မရှိတဲ့အတွက် ဆရာကို ဒီကနေ ပယ်ချပေးမယ်၊ အဲဒါကိုသဘောမတူရင် အယူခံတက်လို့ရပါတယ်”ဆိုပြီး သူတို့ကပြောခဲ့တယ်။"
ရိုဟင်ဂျာ မွတ်စလင်တစ်ဦးဖြစ်သူ ဦးအဓူရော်ရှိရဲ့ ဖခင်ဖြစ်သူဟာ အစိုးရ ရေယာဉ်ဦးစီးဌာနမှာ ရေယာဉ်အုပ်အနေနဲ့ ၃၈ နှစ် အထိ တာဝန်ထမ်းဆောင်ပြီး ပင်စင်ရခဲ့တဲ့ အရာရှိကြီးတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။
သူမမွေးခင်ကတည်းက မိဘတွေဟာ မြန်မာနိုင်ငံသား ခံယူခဲ့ကြောင်း အထောက်အထားတွေနဲ့ တင်ပြခဲ့ပေမယ့်လည်း အခုလို ပယ်ချခံခဲ့ရတာလို့ သူက ဆိုပါတယ်။
ထပ်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံကို အယူခံ ဆက်တင်သွားမှာဖြစ်ပါတယ်။
သုံးခေါက်ချိုးမှတ်ပုံတင် ကိုင်ထားတဲ့ အခြားသူတွေကို နိုင်ငံသားလို့ သတ်မှတ်ပြီး ရိုဟင်ဂျာ မွတ်စလင်တွေကိုမှ ဘာကြောင့် နိုင်ငံသားအဖြစ် မသတ်မှတ်လဲဆိုတာ ဦးအဓူရော်ရှိက မေးခွန်းထုတ်ပါတယ်။
"နောက်တစ်ခု လူတွေ ကျွန်တော့ကို မေးတယ်၊ ခင်ဗျားကိုပယ်ချတာက မွတ်စလင်မိုလို့လား၊ ခွဲခြားမှုလား၊ ရိုဟင်ဂျာမိုလို့လား ကျွန်တော့ကိုမေးတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ အဖြေမပေးနိုင်ဘူး၊ ကျွန်တော်ဘာပြောရမလဲမသိဘူး၊ ကျွန်တော်ခံစားနေရတာက ဘာဖြစ်လို့ အလားတူကတ်နဲ့ အခြားသူတွေက ဝင်လို့ရတယ်၊ အခြားသူတွေကို နိုင်ငံသားလို့ သတ်မှတ်တယ်၊ အလားတူကတ် ကိုင်ဆောင်တဲ့ ကျွန်တော်တို့ မွတ်စလင်ဖြစ်ဖြစ် ရိုဟင်ဂျာဖြစ်ဖြစ် ဘာဖြစ်လို့ သူတို့ နိုင်ငံသားအဖြစ် မသတ်မှတ်တာလဲ။ လက်မခံတာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်၊ အဖြေကတော့ ရှာမတွေ့ဘူး၊ အဖြေက ဘယ်သူပေးနိုင်မလဲ အဲဒါလည်း ကျွန်တော်မသိဘူး၊ ဒီ ၈၈ ခုနှစ်မတိုင်ခင်ကတည်းက မည်သူမဆို ဒီသုံးခေါက်ချိုးကိုင်ထားတဲ့ မိဘဖြစ်ဖြစ် သူတို့ကိုယ်တိုင်ဖြစ်ဖြစ် သူတို့က ရွေးကောက်ပွဲ ပြိုင်လို့ရတယ်၊ သူတို့ဘာဖြစ်လို့ ဥပဒေနဲ့ညီတာလဲ၊ ကျွန်တော့ မိဘလည်း အလားတူမှတ်ပုံတင်ကိုင်ထားပြီး ဘာလို့ဖြစ်ဥပဒေနဲ့မညီတာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။"
ဒီလို ပယ်ချခံရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
၂၀၁၅ ခုနှစ်က စစ်တွေမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားမှုကို ခရိုင်ကော်မရှင်က ပယ်ချတဲ့အတွက် အယူခံဝင်ရာမှာ ပြည်နယ်ကော်မရှင်ကလည်း ပယ်ချခဲ့ပါတယ်။
အရှေ့တောင်အာရှ အခြေစိုက် Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသုတေသီ နစ်ကီဒိုင်းမွန်းက ရွေးကောက်ပွဲဝင်မယ့်သူဟာ ရိုဟင်ဂျာဖြစ်တာကြောင့် အခုလိုငြင်းပယ်ခံရတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
"ရိုဟင်ဂျာ မွတ်စလင်ဖြစ်လို့ပဲ ရွေးကောက်ပွဲကော်မရှင်ကနေ ငြင်းပယ်လိုက်တယ်လို့ လူ့အခွင့်အရေးရှုထောင့်အရ သုံးသပ်လို့ရတယ်၊ အရင်တုန်းက ပယ်ချတုန်းကလည်း ဒီအကြောင်းပြချက်နဲ့ပဲ ပယ်ချတယ်၊ လက်ရှိလည်း ဒီအကြောင်းပြန်ချက်နဲ့ပဲ ပယ်ချတဲ့ဟာမျိုးက ကျွန်တော်တို့က ဒီမိုကရေစီအစိုးရလက်ထက်မှာ အများကြီးမျှော်လင့်တယ်ပေါ့နော်။ ဒီ NLD အစိုးရလက်ထက်မှာ အများကြီးမျှော်လင့်တယ်ပေါ့နော်၊ အဲတော့ ဒါသူ့အခွင့်အရေးအရ သူ့ပါတီကလည်း တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီဖြစ်တယ်၊ အဲ့ကနေပြီးတော့ ရွေးကောက်ပွဲဝင်တဲ့ဟာကို ရွေးကောက်ပွဲဝင်လို့မရအောင် ငြင်းဆိုတယ်ဆိုကတည်းကိုက တရားမျှတဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ သံသယအများကြီးရှိတယ်။"
နိုင်ငံသားဖြစ်လျက်သားနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း လျှောက်လွှာ ပယ်ချခံရတာ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ PACE ကို စောင့်ကြည့်ခွင့်မပြုတာ စတဲ့ ဒီရက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ ပါ့မလားဆိုတဲ့ သံသယတွေ ဖြစ်လာစေတယ်လို့ နစ်ကီဒိုင်းမွန်းက ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကတော့ - သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီရင် လူမျိုးဘာသာမရွေး ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံခွင့်ပေးမယ်လို့ RFA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားထားပါတယ်။
"ကျွန်တော်တို့က လူမျိုးဘာသာခွဲခြားပြီးတော့ ကိုယ်စားလှယ်လောင်းကို လက်ခံတာမဟုတ်ပါဘူး၊ အဲဒါကြောင့် သူ့ဘာသာသူ လူမျိုး ကွဲရင်ကွဲနေမယ်၊ ဘာသာ ကွဲရင်ကွဲနေမယ်၊ ကျွန်တော်တို့က လိုအပ်တဲ့ အချက်အလက်ပြည့်စုံရင် လူမျိုးဘာသာမရွေး သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံရင် အရွေးခံခွင့်ပေးမှာပါ။"
၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ရခိုင်ပြည်နယ်မှာရှိတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးခဲ့ကြရပြီး အဲဒီမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။
ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေထဲက သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေမှာလည်း မဲပေးလို့ရမယ့် နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားမှု လုပ်ငန်းစဉ်တွေ ကြန့်ကြာနေတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ သူတို့ မဲပေးနိုင်ခွင့်ရဖို့ မရေရာသေးပါဘူး။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ကနေ ငါးယောက်၊ ရန်ကုန်တိုင်းမှာ နှစ်ယောက် ဝင်ပြိုင်ဖို့ စုစုပေါင်း ခုနှစ်ယောက် လျှောက်လွှာ တင်ထားတာပါ။
ကျန်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ ကော်မရှင်က စိစစ်နေဆဲဖြစ်ပြီး ဦးအဓူရော်ရှိ က ပထမဆုံး ပယ်ချခံရတာဖြစ်ပါတယ်။