ရခိုင်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ညှိနှိုင်းမှုတွေဆက်ရှိနေ
ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်သေးတဲ့အတွက် ဒီဇင်ဘာလ နောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်မလားဆိုပြီး ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် တပ်မတော်ဘက်က စစ်အင်အား ပြင်ဆင်ဖြည့်တင်းမှု မရှိဘဲ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမရှိအောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
- 2020-12-30
-
-
-
နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ၂၀၂၀ ဒီဇင်ဘာ ၃၀ရက်က တွေ့ရစဉ်
Photo: Thet Su Aung / RFA
ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်သေးတဲ့အတွက် ဒီဇင်ဘာလ နောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်မလားဆိုပြီး ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် တပ်မတော်ဘက်က စစ်အင်အား ပြင်ဆင်ဖြည့်တင်းမှု မရှိဘဲ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမရှိအောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တပ်မတော်က ပြောလိုက်ပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း… ပစ်ခတ်တိုက်ခိုက်မူတွေ မဖြစ်အောင် နှစ်ဖက်လုံးက ထိန်းသိမ်းထားပြီး တိုက်ပွဲ ပြန်ဖြစ်၊ မဖြစ်ဆိုတာဟာ နှစ်ဖက် ညှိနှိုင်းမှုအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။ ဒီအခြေအနေက ဒေသခံတွေရဲ့ စိုးရိမ်မှုကို ဘယ်လောက်အထိ သက်သာစေနိုင်မလဲဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ရခိုင်မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် (AA) က တောင်းဆိုထားပေမယ့် လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကျင်းပဖို့ အလားအလာ မတွေ့ရသေးတဲ့အတွက် တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်နေတဲ့ စစ်ဘေးဒုက္ခသည် ရာနဲ့ချီပြီး သူတို့ မူလနေထိုင်ခဲ့တဲ့ စခန်းတွေကို ဒီရက်ပိုင်းအတွင်း ပြန်လာနေကြပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်မယ့် အလားအလာ ရှိ၊ မရှိနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်တို့ကြား သဘောထားကွဲလွဲတာတွေ ရှိသလားလို့ ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ RFA က မေးမြန်းရာမှာ… ရခိုင်မှာ တိုက်ခိုက်မှုတွေ မရှိအောင်လုပ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာ ကျတော်တို့ အနေနဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားစေဖို့ပဲ ကျတော်တို့ ဆောင်ရွက်နေတာရှိတယ်၊ စစ်အင်အား ဖြည့်တင်းတာ မရှိဘူးလို့ပဲ ကျနော် ပြောချင်တယ်၊ ကျနော်တို့ အနေနဲ့ကတော့ ရခိုင်ပြည်နယ်မှာ အခုလို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီးတော့ ဒီငြိမ်းချမ်းနေတဲ့ အခြေအနေ၊ IDP ကမ့်တွေ (စစ်ဘေးဒုက္ခသည်စခန်း) ကနေပြီး ရွာသူရွာသားတွေ သူ့ရွာသူ ပြန်ပြီးတော့ သူ့အလုပ်သူ လုပ်နိုင်တဲ့ အခြေအနေကနေ တဆင့်ငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ ဖြစ်ပေါ်တိုးတက်လာလိမ့်မယ်လို့ပဲ ယုံကြည်ပါတယ်"
စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်တဲ့ အခြေအနေ၊ တိုက်ပွဲတွေမရှိဘဲ ယာယီ အပစ်အခတ် ရပ်စဲထားတဲ့ အခြေအနေ ကတဆင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်လာမယ်လို့ ယုံကြည်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
AA နဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရအကြား သဘောထားကွဲလွဲမှု ရှိသလားဆိုတဲ့ RFA ရဲ့ မေးခွန်းကိုတော့ တိုက်ရိုက်ဖြေကြားတာ မရှိဘဲ တပ်မတော်နဲ့ သီးခြား ဆွေးနွေးရတာရှိသလို အစိုးရအနေနဲ့ သီးခြား ဆွေးနွေးရတာတွေ ရှိတယ်လို့သာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
AA အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ် တိုးတက်လာဖို့ မျှော်လင့်ထားပြီး တိုက်ပွဲတွေ ဆက်ဖြစ်၊ မဖြစ်ဆိုတာက နှစ်ဖက် စောင့်ထိန်းမှုအပေါ်မှာ မူတည်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း လက်ရှိအချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်အောင် နှစ်ဖက်လုံးက ထိန်းသိမ်းထားကြပြီး တိုက်ပွဲပြန်ဖြစ် မဖြစ်ဆိုတာက နှစ်ဖက် ညှိနှိုင်းမမှုအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။
"အခုအချိန်အထိကတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ပြီးတော့မဖြစ်အောင်တော့ နှစ်ဖက်လုံးက ဒါထိန်းသိမ်းထားကြတဲ့ အနေအထားပေါ့နော်၊ ဆက်လက်ပြီးတော့လည်း နှစ်ဖက်ကြားမှာ ညှိနှိုင်းနေကြတာတွေတော့ ရှိတယ်ဗျ။ တိုက်ပွဲပြန်ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ ဒီနှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေမှု မပြေ အပေါ်မှာတော့ ဒါအများကြီး မူတည်မှာပေါ့နော်။ တကယ်အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဆိုလို့ ရှိရင်တော့ ဒါပိုပြီးတော့ အလားအလာတော့ ကောင်းမှာပေါ့။"
ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင် ရွေးကောက်ပွဲ ကျင်းပပေးဖို့ ထုတ်ပြန်ထားတဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲတဲ့ ကြေညာချက်ကို ဒီဇင်ဘာလ နောက်ပိုင်းမှာ ထပ်ထုတ်ပြန်ဖို့ ရှိမလားဆိုတဲ့ မေးခွန်းကိုတော့ ဦးခိုင်သုခက မဖြေပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အချိန် တစ်လခွဲလောက် အပစ်အခတ်တွေ ရပ်စဲနေရာကနေ အခု ဒီဇင်ဘာလကုန်နောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ ဒေသခံအများအပြားဟာ သူတို့ခိုလှုံခဲ့တဲ့ ဒုက္ခသည်စခန်းတွေဆီကို ပြန်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငြိမ်းချမ်းရေး ရှေ့ဆက်ဆွေးနွေးဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဒေသခံလူထု စိုးရိမ်မှု လျော့ကျစေဖို့အတွက် တပ်မတော်နဲ့ AA နှစ်ဖက်လုံးက ကြေညာဖို့လိုတယ်လို့ နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။
"တပ်အင်အားဖြည့်တင်းတာတော့ မတွေ့ပါဘူး ဒါပေမဲ့ ရှိပြီးသား တပ်တွေကိုတော့ ရိက္ခာနဲ့ ခဲယမ်းမီးကျောက် ဖြည့်တာတွေတော့ တွေ့ရပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ နှစ်ဖက်တွေ့ဆုံတဲ့ သတင်းထုတ်ပြန်ချက် ထပ်မထွက်ဘူးဆိုရင်တော့ လူထုမှာတော့ စိုးရိမ်မှုရှိမှာပဲ။ ဘာလို့တုန်းဆိုရင်တော့ AA ဘက်ကကြေညာထားတာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကြေညာထားတာဖြစ်တာကို၊ အဲဒီတော့ နှစ်ဖက်ကနေပြီး ထပ်ပြီးတော့ ကြေညာချက် မထုတ်ပြန်သေးရင်တော့ လူထုကြားမှာ စိုးရိမ်ပူပန်မှုတွေရှိမယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင်တော့ နှစ်ဖက်ကနေပြီးတော့ ဒီ တကယ်တမ်း ငြိမ်းချမ်းရေး ဆက်ပြီးတော့ သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ လူထုကို အသိပေးတဲ့ ကြေညာချက် ထုတ်ပြန်ပေးဖို့လိုအပ်မယ်လို့ ထင်ပါတယ်။"
နှစ်ဖက်လုံးက တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ဖို့ အားသန်နေတာကိုတွေ့ရတဲ့အတွက် အလွယ်တကူ တိုက်ပွဲထပ်ဖြစ်မယ့် အခြေအနေတော့ လတ်တလော မတွေ့ရသေးဘူးလို့ ဦးမောင်မောင်စိုးက ယူဆပါတယ်။
ဒုက္ခသည်စခန်းတွေဆီကို ပြန်လာကြတဲ့ ဒုက္ခသည်အရေအတွက်ကို အသေးစိတ်မသိသေးပေမယ့် ခန့်မှန်းခြေအရတော့ ရှစ်ထောင်ခန့်ရှိနိုင်တယ်လို့ ရခိုင်စစ်ဘေးဒုက္ခသည် အရေအတွက်ကို စာရင်းပြုစုထုတ်ပြန်လေ့ရှိတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး RECက ပြောပါတယ်။ ဒီအဖွဲ့ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ စာရင်းအရ နေရပ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည် တစ်သိန်း ကိုးသောင်းကျော် ရှိနေပါတယ်။
အစိုးရရဲ့စာရင်းတွေအရတော့ ရခိုင်က မြို့နယ် ၁၁ ခုမှာ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၂၂၇၇၁ စု၊ လူဦးရေ ၈၇၄၆၇ ဦး ရှိတယ်လို့ ဖေါ်ပြထားပါတယ်။