ရှမ်းပြည်နယ်နဲ့ နယ်စပ်ဂိတ်အသစ် ဖွင့်လှစ်နိုင်ဖို့ ထိုင်းဘက် က ဆွေးနွေး
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း မှာ နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ဖို့အတွက် ချင်းမိုင်ခရိုင်က ကုန်သည်ကြီးများအသင်းနဲ့ ရှမ်းပြည် နယ် တောင်ကြီး၊ မိုင်တုန်၊ မိုင်းဆတ်၊ ပုံပါကျင်က ကုန်သည် ကြီးများဟာ ချင်းဒေါင်းမြို့နယ်မှာ သြဂုတ်လ ၁၁ ရက်နေ့ က တွေ့ဆုံခဲ့ပြီး နယ်စပ်ဂိတ် သုံးခုရှိတဲ့ထဲက ကုန်စည် ကူးသန်းရောင်းဝယ်လို့ အဆင်ပြေမည့် နယ်စပ် ဂိတ်တစ်ခု ဖွင့်လှစ်နိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
-
2016-08-15 -
-
-
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာ နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ဖို့အတွက် ချင်းမိုင်ခရိုင်က ကုန်သည်ကြီးများ အသင်းနဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ မိုင်တုန်၊ မိုင်းဆတ်၊ ပုံပါကျင်က ကုန်သည်ကြီးများဟာ ချင်းဒေါင်းမြို့နယ်မှာ သြဂုတ်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး နယ်စပ်ဂိတ် သုံးခုရှိတဲ့ထဲက ကုန်စည်ကူးသန်းရောင်းဝယ်လို့ အဆင်ပြေမည့် နယ်စပ်ဂိတ်တစ်ခု ဖွင့်လှစ်နိုင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ချင်းဒေါင်းမြို့နယ်အနီးက နယ်စပ်ဂိတ်တွေဖြစ်တဲ့ လတ်တန်နယ်စပ်ဂိတ်၊ ကျူဖာဝေါ့နယ်စပ်ဂိတ်နဲ့ ဆန်တွန့်ဒူ နယ်စပ် ဂိတ်သုံးခုထဲက မြန်မာနိုင်ငံနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ဖို့ အသင့်လျှော်ဆုံးနေရာဖြစ်တဲ့ နယ်စပ်မှတ် တိုင် BP 1 လို့ခေါ်တဲ့ ကျူဖာဝေါ့နယ်စပ်ဂိတ် ကို ဖွင့်လှစ်နိုင်ဖို့ အဓိကနည်းလမ်းရှာခဲ့ကြတာဖြစ်တယ်လို့ အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ ချင်းမိုင်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးက ကောင်စစ်ဝန် ဦးကောင်းစံလွင် က RFA ကို ပြောပါတယ်။
"အဓိကကတော့ ဒီလိုဗျာ ချင်းမိုင်ခရိုင်ဆိုလည်း တာချီလိတ်နဲ့ ရှိတယ်၊ တာ့ခ်ခရိုင်ဆိုလည်း မဲဆောက် နဲ့ မြဝတီနဲ့ က သွားလို့ရတယ်၊ ချင်းမိုင်က လွတ်နေတယ် ဗမာပြည်နဲ့ ပေါက်တဲ့လမ်းကြောင်း ဘာမှမရှိဘူး၊ မရှိတော့ သူတို့ ဒီဖက်ကလည်း အတိုဆုံးလမ်းကြောင်းပေါ့နော်၊ အဲ့ဒီ ခုနက ချင်းဒေါင်းကနေပြီးတော့ မိုင်းတုန် မိုင်းဆတ် ပုံပါ ကျင် တောင်ကြီးပေါ့ဗျာ၊ အဲ့ဒီလမ်းကြောင်း သူတို့ကလည်း စချင်တာပေါ့ လုပ်ချင်တာပေါ့ဗျာ၊ ကုန်စည်စီးဆင်း မှု မြန်ဆန်အောင်ဆိုပြီးတော့ အခု လက်ရှိပေါ့လေ နားလည်မှုအရ သူက နယ်စပ် ဈေးလေး သဘောမျိုး သူတို့ဖွင့်ထားတယ်။ BP 1 ဂိတ် အဲ့ဒီဈေးကို တစ်ပတ်မှာ သုံးရက်ပေါ့နော် ဟိုဘက်ကလည်း ဒီဖက်ကို ကိုက် ၂၀၀ အထိ သူကလာလို့ရတယ်၊ ထိုင်းဖက်က လည်း မြန်မာဖက်ကို ကိုက် ၂၀၀ ထိ သွားလို့ရတယ် အဲဒီတော့ သူတို့က ဒီနေရာကိုလုပ် ရင်တော့ ကောင်းမယ် ဆိုတဲ့ဟာလေးကို နဂိုကလည်း ဖွင့်ဖူးတယ် ဒီဂိတ်အဟောင်းက အဲ့ဒါကိုလည်း သူတို့က ပြန်ဖွင့်စေချင်တာပေါ့"
ရှမ်းပြည်နယ်က ကုန်သည်ကြီးများအသင်းနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်က ကုန်သည်ကြီးများအသင်းတို့ သြဂုတ်လ ၁၁ ရက်နေ့က နှစ်ရက်ကြာကျင်းပခဲ့တဲ့ ဒီအစည်းအဝေးမှာ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကို လူသုံးကုန်ပစ္စည်းတွေ အဓိကတင်သွင်းဖို့ မြန်မာကုန်သည်တွေက ဆွေးနွေးခဲ့ကြပြီး ထိုင်းကုန်သည်တွေကတော့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စတဲ့ စိုက်ပျိုးရေးပစ္စည်းတွေကို အဓိက တင်သွင်းနိုင်ဖို့ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
ထိုင်း မြန်မာ နယ်စပ်ဂိတ်ကို တရားဝင် အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့အတွက်ကိုတော့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက တဆင့် မြန်မာအစိုးရထံကို တရားဝင်စာပေးပို့ပြီး နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူအောင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ မြန်မာကောင်စစ်ဝန်အနေနဲ့ နှစ်နိုင်ငံကုန်သည်ကြီးများအသင်းကို အကြံပေးပြောဆိုခဲ့တယ်လို့ ဦးကောင်စံလွင် က ဆက်ပြောပါတယ်။
"ကျနော်တို့ဖက်ကတော့ ဖွင့်ချင်တယ်ဆိုရင် တရားဝင်လမ်းကြောင်းအတိုင်းပေါ့နော်၊ ဒီချင်းမိုင်ကနေ ပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ကျနော်တို့ ကောင်စစ်ဝန်ချူပ်ရုံး စာပို့တရားဝင်အဆင့်ဆင့်နဲ့ အဲ့ဒါဆို ကျနော်တို့က ဝန်ကြီးဌာနကိုဆက်တင်ပေးမယ် သို့မဟုတ် နောက်တနည်းကတော့ ဒီရှမ်းပြည်နယ် အစိုးရကိုပေါ့နော် သူတို့ကုန်သည်ကြီးများအသင်းကတဆင့် ဆက်သွယ် ရှမ်းပြည်နယ်အစိုးရမှတဆင့် ကျနော်တို့ နိုင်ငံတော် အစိုးရပေါ့နော် အဲဒီလို ဆက်သွယ်ပြီးတော့ လုပ်ဖို့ဆိုတာ ကျနော်တို့ကတော့ ပြောခဲ့ တာပေါ့ အခုကတော့ ဆွေးနွေးတုန်းပဲ ရှိပါသေးတယ် တိကျတဲ့အဖြေတော့ ဘာမှမရှိသေးပါဘူး"
ထိုင်းမြန်မာ နုယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်အတွင်းက နယ်စပ်မှတ်တိုင် BP 1 ဂိတ်ကို ယခင်ကတစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပေမယ့် ၂၀၀၂ ခုနှစ်မှာ နယ်စပ်လုံခြုံရေး အခြေအနေကြောင့်လ့ို အကြောင်းပြပြီး မြန်မာအစိုးရဘက်က ကနေ့အချိန်ထိ ပိတ်ထားခဲ့တဲ့ နယ်စပ်ဂိတ်တစ်ခု ဖြစ်ပါတယ်။
ထိုင်း မြန်မာနယ်စပ်တစ်လျှောက်မှာ ရနောင်းခရိုင်၊ တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်နဲ့ ချင်းရိုင်းခရိုင်တွေ မှာ နှစ်နိုင်ငံနယ်စပ် ကုန်စည်ကူးသန်းရောင်းဝယ်ရေးဂိတ်တွေ တရားဝင်ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ချင်းမိုင်ခရိုင်ဟာ ပဉ္စမမြောက် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ဖို့ ထိုင်းကုန်သည်ကြီးများအသင်းက ကြိုးစားနေတာဖြစ်တယ်လို့လည်း သိရပါတယ်။