မြန်မာ့အလင်း တရားမဝင် ရိုက်နှိပ်ရောင်းချသူ ဝန်ထမ်း ၅ ဦး အဖမ်းခံရ

အစိုးရပိုင် နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာကို ရန်ကုန်မြို့မှာ တရားမဝင် ခိုးရိုက်ပြီး ဖြန့်ချိရောင်းချနေကြတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်း လုပ်ငန်းက ဝန်ထမ်း ၅ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်တယ်လို့ သိရပါတယ်။

အစိုးရထုတ် သတင်းစာတစောင်ကို လမ်းဘေး လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

မြန်မာ့အလင်း သတင်းစာ စောင်ရေအပိုတွေကို တရားမဝင် ခိုးရိုက်ပြီးဖြန့်ချိနေတာဖြစ်ပြီး နှစ်ပေါင်းများစွာ တရားဝင် ရောင်းဈေး ၅၀ ကျပ်အစား ၄၅ ကျပ်နှုန်း နဲ့ မှောင်ခိုဖြန့်ချိ ရောင်းချနေသူတွေလို့ သိရပါတယ်။

ဒီအမှုမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆရတဲ့ မြန်မာ့အလင်း သတင်းစာ ဖြန့်ချိရေးဌာနက အရာရှိ တဦး အပါအဝင် အရာထမ်း ၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး မနေ့ကလည်း ငွေစာရင်းဌာနက အရာရှိတစ်ဦးကို ထပ်မံ ဖမ်းဆီးထားပါတယ်။

အဲဒီအရာရှိဟာ စစ်ဖက်က လာတဲ့အရာရှိ ဖြစ်ပြီး သူတဦးထဲ ငွေကျပ်သိန်း ၂၅၀၀ ခန့် ပေးလျော် ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီအမှုမှာ အခြားပြန်ကြားရေး ဌာနက အဆင့်မြင့် အရာရှိကြီး တွေပါ ပါဝင် ပတ်သက်နေပြီး မြန်မာ့အလင်း သတင်းစာက အောက်ခြေဝန်ထမ်း အချို့ဟာ ကျပ်သိန်းဆယ် ဂဏန်းနဲ့ချီပြီး ခွဲတမ်းချပေးရမယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ သတင်းစာ ကြော်ငြာဌာနက တိမ်းရှောင်နေရတဲ့ အရာရှိတဦးရဲ့ ဒဂုံမြို့သစ်ရှိ နေအိမ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းယူခဲ့ပါတယ်။

ဒီသတင်းစာတွေကို ဖြန့်ချိပေးခဲ့တဲ့ ရန်ကုန်က သတင်းစာ ကိုယ်စားလှယ် အချို့ကို စက်တင်ဘာ ဒုတိယပတ် အတွင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ခေါ်ယူ စစ်ဆေးခဲ့ပြီး ဒီသတင်းစာ ကိုယ်စားလှယ်တွေပါ ငွေပေးလျော်ဖို့နဲ့ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစား ပြုလုပ်မှုနဲ့အရေးယူဖို့ ပြင်နေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org