ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်မှုနဲ့ ငါးမင်းဆွေကို ထောင်ဒဏ် ၇ နှစ်ချမှတ်
ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တဲ့ ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ ငွေဒဏ်တစ်သိန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
-
2018-09-18 -
-
-
ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ ရေးသားခဲ့တဲ့ ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို အနောက်ပိုင်းခရိုင် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) နဲ့ ထောင်ဒဏ် ၇ နှစ်၊ ငွေဒဏ်တစ်သိန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဒီနေ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီးနောက် အပြီးသတ် အမိန့်ချမှတ်လိုက်တာလို့ ဦးမင်းဆွေ ရဲ့ ဇနီး ဒေါ်မေသန်းဝင်း ကပြောပါတယ်။
"ဒီနေ့က အမိန့်ချတဲ့နေ့ပေါ့နော်၊ သူတို့က ထောင်ဒဏ် ၇ နှစ်ချလိုက်တယ်၊ ငွေဒဏ်ကတော့ ၁ သိန်း ဆောင်လိုက်ရတယ်"
ဒုရဲမှူးကြီးသာထွန်းက ငါးမင်းဆွေကို ပုဒ်မ ၁၂၄ နဲ့ အရေးယူပေးဖို့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ကစတင်ပြီး ငါးမင်းဆွေကို ဖမ်းဆီးစစ်ဆေး ခဲ့တာဖြစ်ပါတယ်။
ဒီလိုအမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်စွဲမပါတဲ့ စီရင်ချက်ဖြစ်ဖို့လိုကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပုဂ္ဂိုလ်ရေးအကြည်ညိုပျက်စေမှုကို ရှင်းရှင်းလင်းလင်းရှိဖို့ လိုအပ်ကြောင်း ဥပဒေကို အာဏာပိုင်တွေက လိုသလိုသုံးပြီး အရေးယူတာမျိုးမဖြစ်ဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ ညီမျှခြင်းမြန်မာအဖွဲ့က ဦးအောင်မျိုးမင်း က သုံးသပ်ပြောကြားပါတယ်။
"ဒီလိုမျိုးလုပ်ဆောင်တဲ့နေရာမျိုးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ဆိုတဲ့အမှု နောက်ထပ်နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲတယ်ဆိုတာ ကျနော်သိပါတယ်၊ ဒါပေမဲ့ ပုဂ္ဂလိကစွဲ ဒေသအစွဲမပါဘဲနဲ့ အမှန်အတိုင်းစီရင်ဖို့အတွက် လိုအပ်တဲ့အရာဖြစ်ဖို့ လိုအပ်တယ်၊ နောက်တစ်ခုက ဘယ်ဟာမျိုးက အကြည်ညိုပျက်စေလဲ၊ ဘယ်ဟာတွေက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရှိလဲဟာကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုအပ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ တကယ့်ကို ပုဂ္ဂလိကထိခိုက်နစ်နာအောင် လုပ်ဆောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ဆောင်တာကို ကျနော်မကန့်ကွက်ပေမဲ့ ဒီဟာမျိုးကို အကြောင်းပြပြီးတော့ လိုသလိုစွဲနိုင်တဲ့ပုံစံမျိုး မဖြစ်ဖို့အတွက်ကို လူ့အခွင့်အရေးရှုထောင့်အနေနဲ့ ဒီဟာကို သတိပြုဖို့လိုပါတယ်"
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄(က) ဟာ မည်သူမဆိုနှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသည့် ပုံသဏ္ဍာန်နဲ့ အစိုးရကို မုန်းထားအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင် လှုံ့ဆော်မယ်ဆိုရင် ငွေဒဏ်နဲ့တကွ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နဲ့တကွ တစ်ကျွန်းအောက်လျော့သည့် ပြစ်ဒဏ်ဖြစ်စေ၊ ငွေဒဏ်နဲ့တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။