ရေယာဉ်နစ်မြုပ်မှု တွေ့ရှိချက် အစိုးရထံတင်ထား
2017.04.19

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီး ငဝန်မြစ်အတွင်း လူ၃၀ ဦး သေဆုံးခဲ့တဲ့ ရေယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးတွေ့ရှိထားတဲ့ အစီရင်ခံစာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တွေ့ရှိချက်တွေအပြင် ပြင်ဆင်ရမယ့်အချက်တွေကိုပါ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ပုသိမ်မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး ကပြောပါတယ်။
"အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့အတိုင်းပဲ ၁၂ ရက် ၄ လမှာ နောက်ဆုံးထားတင်ပေးရမယ်ဆိုလို့ အဲ့နေ့မှာ အပြီးတင်ပေးလိုက်ပြီ၊ အစီရင်ခံစာထဲမှာတော့ လက်ရှိဖြစ်စဉ်တွေကို စစ်ဆေးတွေ့ရှိချက်တွေနဲ့ သုံးသပ်ချက်တွေ ပါတာပေါ့၊ ဖြစ်တဲ့ဖြစ်စဉ် ပကတိအခြေအနေတွေ့ရှိချက်တွေ၊ ကွဲလွဲချက်တွေ၊ ထွက်ဆိုတဲ့နေရာ ကွဲလွဲချက်တွေ ၊ နောက်ဘာတွေပြင်ဆင်ရမယ် ဆိုတာကအစ အကုန်လုံးကို တွေ့ရှိချက်တွေ သုံးသပ်အကြံပြုချက်တွေ အကုန်လုံး တင်ထားတယ်"
တွေ့ရှိချက်တွေထဲဟာ ရဲတပ်ဖွဲ့က တာဝန်ယူနေတဲ့အတွက် လတ်တလောမှာ ထုတ်ဖေါ်ပြောဆိုနိုင်မှာ မဟုတ်သေး ဘူးလို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့က နှစ်ဖက်ရေယာဉ်မောင်းတွေ၊ စက်လှေနစ်မြှပ်မှုကနေ အသက်ရှင်လွတ်မြောက်သူတွေ၊ မျက်မြင်သက်သေတွေ၊ တာဝန်ရှိသူ စုစုပေါင်း ၁၄ ယောက်ကို စုံစမ်းမေးမြန်းခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ စစ်ဆေးတွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကိုလည်း သတင်းစာရှင်းလင်းပွဲပြုလုပ် ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ ဦးအောင်သူထွေး ကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်၊ ည ၇နာရီမှာ ပုသိမ်မြို့၊ ဥမ္မာဒန္တီဘောတံတားအနီး ငဝန်မြစ်အတွင်း ခရီးသည်တွေ တင်ဆောင်လာတဲ့ ငွေကြယ်ပွင့်စက်လှေနဲ့ နဒီရွှေစင်ကျောက်တင်သင်္ဘောတို့ တိုက်မိခဲ့တာဖြစ်ပြီး စက်လှေရေယာဉ်မောင်းတစ်ဦး အပါအဝင် လူ ၃၀ ဦး သေဆုံးခဲ့ပါတယ်။
ရေယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး နဒီရွှေစင်ကျောက်တင်သင်္ဘောမောင်းသူနဲ့ ငွေကြယ်ပွင့် စက်လှေမောင်းသူတို့ကို ပုသိမ်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၇၊ ၃၃၈၊ ၂၈၀ တို့နဲ့ အမှုဖွင့်ဖမ်းဆီးထိန်းသိမ်း ထားပါတယ်။