ငါန်းဇွန်မြို့နယ်မှာ ဒေသခံ ၆၀ ကျော် ထပ်မံဖမ်းဆီးခံရ
ငါန်းဇွန်မြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ စက်တင်ဘာ ၁၁ ရက်မှာ ရွာနှစ်ရွာက ဒေသခံခြောက်ဆယ်ကျော်ကို ဖမ်းထားသလို တချို့ကို စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-09-12 -
-
-
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၁ ရက် မနေ့က ရွာနှစ်ရွာက ဒေသခံခြောက်ဆယ်ကျော်ကို ဖမ်းဆီးထား သလို တချို့ကို စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၁ ရက်မနက်ပိုင်းက သကျင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အားတစ်ရာခန့်ဟာ သကျင်ရွာရဲ့ မြောက်ဘက်မှာရှိတဲ့ လက်ပံသာရွာထဲကို ဝင်ရောက် လာပြီး ဒေသခံ ၁၇ ဦးကို စတင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် ဖမ်းဆီးထားတဲ့ရွာသားတွေကို စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားပြီး အောင်သုခရွာထဲကို ထပ်မံဝင်ရောက်ကာ ဒေသခံလေးဦးကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ဒေသခံတွေနဲ့အတူ လက်ပံသာရွာထဲကို ဝင်ရောက်ပြီး လက်ပံသာရွာခံ လေးဆယ်ကို ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာထဲကို ဝင်မွှေတယ်ဗျ၊ ယောက်ျားလေးရော၊ မိန်းကလေးရော အကုန်ပဲဗျာ။ ပစ္စည်း တွေလည်း ယူတာပဲ။ ရွာသားတွေကို ဓားစာခံလုပ်ပြီး အောင်သုခရွာဘက်သွားတာပဲ။ ပြန်ခဲ့တော့လည်း ထပ်ဖမ်းခံရ တယ်ကြားတယ်။ သူတို့ကို ဘယ်လိုဆက်ဆံတယ်ဆိုတာ မသိရသေးဘူး။ အခုထိ ဘုန်းကြီးကျောင်းထဲ ဖမ်းထားတုန်းပဲ"
ဖမ်းဆီးထားသူတွေကို လက်ရှိအထိ လက်ပံသာရွာဘုန်းကြီးကျောင်းမှာခေါ်ထားပြီး အဲဒီအထဲမှာ အမျိုးသမီးတွေအပြင် အသက်မပြည့်သေးသူတွေပါ ပါတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကြောင့် အောင်သုခ၊ ရက္ခဒီပ၊ လင်္ကာဒီပ၊ ရေလည်သောင်၊ လက်ပံသာ၊ အောင်သာ၊ မြောက်ကျွန်းနဲ့ ကံသာရွာက ဒေသခံနှစ်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်တွေဟာ သြဂုတ်လကစပြီး စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပိုလာသလို စစ်ကောင်စီတပ်ကလည်း ရွာတွေကို စစ်ကြောင်းထိုး တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ ဆိုပါတယ်။
ဒီနေ့အထိ ဖမ်းဆီးခံထားရတဲ့ ဒေသခံ သုံးရာဝန်းကျင်လောက်ရှိပြီလို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ငါန်းဇွန်နယ်မှာက ပြည်သူတွေ စစ်ရှောင်ရတာက အကြိမ်ကြိမ်ဖြစ်နေ တယ်။ အဖမ်းခံရတာလည်း တဖြည်းဖြည်းချင်း များလာတယ်။ ပြန်လွတ်တာရှိသလို မလွတ်တာတွေလည်းရှိတယ်။ စစ်ကြောင်းထိုးတဲ့အခါ ပစ်ခတ်ပြီးဝင်ရောက်လို့ သေဆုံးတာတွေ၊ လမ်းမှာတွေလို့ ရိုက်နှက်ခံရတာတွေ အများကြီးရှိတယ် "
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေး ဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သကျင်ရွာက ဒေသခံခုနစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်သား တွေ ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းတစ်လျှောက် ခေါ်ဆောင်သွားသလို အဲဒီအထဲတချို့သာ ပြန်လွတ်လာသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။