နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်နဲ့ တူမဖြစ်သူ ထောင်နှစ်ရှည်ချမှတ်ခံရ
2025.01.15
နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်နဲ့ သူ့ရဲ့ တူမဖြစ်သူ မစုမြတ်ထက်တို့ကို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ထောင်ဆယ်နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒေါ်နီမိုလှိုင်ဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီက ဖမ်းဆီထားတဲ့ သူ့ရဲ့တူမဖြစ်သူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ မဆုရည်လင်းရဲ့ ရုံးချိန်းကို သွားရောက်ချိန် သင်္ဃန်းကျွန်းခရိုင်တရားရုံးထဲမှာ ဖမ်းဆီးခဲ့ရတာပါ။ မစုမြတ်ထက်ကိုတော့ ဒေါ်နီမိုလှိုင် ဖမ်းဆီးခံရပြီး နောက်မှ ထပ်မံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ သင်္ဃန်းကျွန်းခရိုင်တရားရုံးက အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့ မဆုရည်လင်းကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်နီမိုလှိုင်ကို ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဆယ်နှစ်ချလိုက်တာပါ။
ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတဲ့ ဒေါ်နီမိုလှိုင်မှာ နှလုံးရောဂါအခံရှိပြီး ရာသီဥတုကြောင့် သူ့ရဲ့ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“နှလုံးရောဂါက သူ့မှာ အရင်ကတည်းကရှိတာပါ။ ဒီရက်ပိုင်း ရာသီဥတုကြောင့် နှလုံးရောဂါ ပြန်ဖြစ်နေတာရှိတယ်။ သူက မိသားစုဝင်ထဲမှာ အဓိကလူတစ်ယောက်လည်းဖြစ်တော့ ငွေရေးကြေးရေးအရ အခက်အခဲရှိတယ်။ ထောင်ဝင်စာပါဆယ်တွေပါ ခက်ခဲတယ်။ အခု အင်းစိန်ထောင်မှာပါ”
နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီမိုလှိုင်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပဲ တစိုက်မက်မက်လုပ်ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်တော့ဘူးလို့ သူကပြောပါတယ်။
ဒေါ်နီမိုလှိုင်ဟာ ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ဗဟိုလူငယ်အထောက်အကူပြုအဖွဲ့ရဲ့ သင်္ဃန်ကျွန်းမြို့နယ် လူငယ်တာဝန်ခံတစ်ဦးလည်း ဖြစ်ပါတယ်။
အဲဒီအချိန်က နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင် နှစ်နှစ်ချခံရတဲ့အပြင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး လူထုလှုပ်ရှားမှုမှာ ထပ်မံဖမ်းဆီးခံခဲ့ရပြီး သရက်အကျဉ်းထောင်မှာ ထောင်ငါးနှစ် အကျဉ်းချခံခဲ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ ဆက်စပ်လို့ လူနှစ်သောင်းကျော် ( ၂၁,၅၀၇ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက တစ်သောင်းနီးပါး (၉,၉၇၆ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။