ကလေးက ဖမ်းဆီးခံ အမျိုးသမီးငယ် ကိုးဦး ပြန်လွတ်ရေး PDF တပ်ဖွဲ့တွေ ကြိုးပမ်းနေ

နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ကလေး PDF တပ်ဖွဲ့ဝင် ဆေးတပ်သား အမျိုးသမီး ကိုးဦး ပြန်လည် လွတ်မြောက်ရေးအတွက် ကလေး PDF နဲ့ ချင်းပြည် နယ်က CDF တပ်တွေ ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်းနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါ တယ်။

စစ်ကောင်စီတပ်က ၂၀၂၁ နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးထားသည့် ကလေး PDF တပ်ဖွဲ့ဝင် အမျိုးသမီးကိုးဦးကို တွေ့ရစဉ် Photo: David TD

နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ကလေး PDF တပ်ဖွဲ့ဝင် ဆေးတပ်သားအမျိုးသမီး ကိုးဦး ပြန်လည်လွတ်မြောက်ရေးအတွက် ကလေး PDF နဲ့ ချင်းပြည်နယ်က CDF တပ်တွေ ပူးပေါင်းပြီး ဝိုင်းဝန်း ကြိုးပမ်းနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ကလေးမြို့အနီးမှာရှိတဲ့ ကလေး PDF တပ်ရင်း (၃) နောက်တန်းစခန်းကို ဒေသ အခြေစိုက် စစ်တပ်က အင်အားသုံးဖြိုခွင်းရာမှာ ကျန်းမာရေးမကောင်းလို့ စခန်းမှာကျန်ရစ်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် အမျိုးသား နှစ်ယောက်နဲ့ ဆေးတပ်သား အမျိုးသမီး ကိုးယောက် အဖမ်းခံလိုက်ရတယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ကလေးမြို့ PDF တပ်ဖွဲ့ဝင် အမျိုးသား နှစ်ယောက်ကို အသေဖမ်းမိပြီး၊ အမျိုးသမီးရှစ်ယောက်ကို အရှင်ဖမ်းမိထားကြောင်း နိုဝင်ဘာ ၁၆ ရက်နေ့က ချက်ချင်းသတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသား နှစ်ယောက်က နှစ်ဖက်အပြန်အလှန် ပစ်ခတ်စဥ် သေဆုံးခဲ့တာလား၊ စစ်တပ်က အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခဲ့တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အမျိုးသမီးငယ် ကိုးယောက် ကိုတော့ စစ်တပ်က ကလေးမြို့ပေါ်မှာရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက-ကလေး) တပ်စခန်းထဲကို ဆက်လက်ခေါ်သွားဖို့ ကြိုးစားနေကြောင်း သိရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက သူတို့စီးနင်းထားတဲ့ ကလေး PDF တပ်ရင်း (၃) စခန်းကနေ ပြန်လည်ထွက်ခွာသွားပြီး ကလေးမြို့ပေါ်က (ဒစက) ဋ္ဌာနချုပ်ကို ပြန်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ် CNDF၊ ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ)၊ ကလေးမြို့နယ် PDF နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) စတဲ့ လေးဖွဲ့က လမ်းကြောင်းအားလုံးကို ပိတ်ဆို့ပြီး ဖမ်းဆီးခံ ထားရတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင် ကိုးယောက်ပြန်ရရေး ကြိုးပမ်းနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်တပ်ဘက်ကတော့ ဖမ်းဆီးထားတဲ့သူတွေကို သတ်ပစ်မှာ မဟုတ်ဘဲ ရုံးတင်တရားစွဲရုံသာလုပ်မှာမို့ ပိတ်ဆို့ ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေးဖို့ ကာကွယ်ရေးတပ်တွေဘက်ကို ကမ်းလှမ်းခဲ့ပေမဲ့ အယုံအကြည်မရှိတာ ကြောင့် ညှိုနှိုင်းလို့ အဆင်မပြေဘဲ အခြေအနေတင်းမာနေဆဲလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ကလေး PDF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်ဘက်က ပြောတာက လမ်းဖွင့်ပေးပါ။ ကျွန်တော်တို့ တရားပဲစွဲမယ်။ မသတ်ဘူးလို့ ပြောတာ။ ဒီဘက်က ပြန်လွှတ်ပေးပါ။ ကျွန်တော်တို့ဆီ ရောက်တဲ့အခါကျရင် လမ်းဖွင့်ပေးမယ်ဆိုပြီး အလဲအလှယ် လုပ်တာပေါ့။ ဒါပေမဲ့ စစ်တပ်ဘက်က လက်မခံဘူး။ အဲတော့ ကျွန်တော်တို့လူတွေကိုလည်း ခေါ်သွားမယ်၊ သတ်လည်း သတ်မယ်၊ မထူးပါဘူးဆိုပြီး သူတို့က ပစ်နေတယ်"

အခင်းဖြစ်ဖြစ်ချင်း နိုဝင်ဘာ ၁၆ ရက်ညနေပိုင်း လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့ ဓါတ်ပုံတွေအရ အမျိုးသမီးငယ် ကိုးယောက်ကို လက်ပြန်ကြိုးတုပ်အနေအထားနဲ့ ဖမ်းဆီးထားတာ တွေ့ရပါတယ်။

ဒီနေ့ ထပ်မံရရှိတဲ့သတင်းတွေအရ သူတို့ ကိုးယောက်အနက် ခြောက်ယောက်က  မအဲလ်လင်း (Ellen)၊ မဂိုရက် တီးကိမ် (Goretti Kim)၊ မဒီဒိမ်း(Didim)၊ မစီစီလျားလွန်း (Cecilia Lun)၊ မဆရအမ်မွှောင် (Sarah MMuang)၊ မဇိုဇမ်း (Zo Zam)တို့ ဖြစ်ပြီး သူတို့အားလုံးဟာ အသက် ၁၅ နှစ်ကနေ အသက် ၂၀ ကြားအရွယ်ရှိ ချင်းတိုင်းရင်းသူတွေဖြစ်တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တွေက RFA ကို အတည်ပြုပြောဆိုပါတယ်။ ကျန်သုံးယောက်ရဲ့ နာမည်တွေကိုတော့ အတိအကျ မသိရသေးပါဘူး။

"လမ်းဖွင့်ပေးမယ်ဆိုပြီး အလဲအလှယ်လုပ်တာပေါ့။ ဒါပေမဲ့ စစ်တပ်ဘက်က လက်မခံဘူး"

တပ်ရင်း (၃) က လုပ်ဖော်ကိုင်ဖက် ဆေးတပ်သား အမျိုးသမီးတွေ အဖမ်းခံလိုက်ရတာဟာ သူတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေး PDF တပ်ဖွဲ့ဝင် အမျိုးသမီး ဆေးတပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

"တော်လှန်ရေး မောင်နှမတွေအနေနဲ့ ဒါဟာ ဆုံးရှုံးမှုကြီးလို့ ခံစားရတယ်။ ဒါပေမဲ့ သူတို့ စကစတွေနဲ့ ကလေး PDF နဲ့ အလဲအလှယ်လုပ်နေတာ တပ်ဆုတ်ပေးမယ်၊ ကျမတို့ မိန်းကလေးတွေကို ပြန်ပေးလို့ အဲလိုကြားရတော့ ဝမ်းသာတယ်။ အခုလည်း သူတို့သတင်းကိုပဲ အမြဲနားစွံ့နေတာ။ စိတ်လည်း အရမ်းပူတယ်"

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၁၇ နှစ်အရွယ် နောက်ထပ်အမျိုးသမီး ဆေးတပ်ဖွဲ့ဝင်တစ်ဦး ကတော့ ဘယ်လို အခက်အခဲတွေပဲရှိရှိ အကြောက်တရားကင်းကင်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

“ညီမတို့ ဒီတော်လှန်ရေးကြီးထဲကို ဘယ်သူကမှ တာဝန်ပေးလို့ ဝင်ခဲ့ကြတာ မဟုတ်ဘူး။ အိမ်ပြန်ချင်တဲ့ စိတ်တော့ရှိမှာပဲ။ လက်ရှိအခြေအနေက အိမ်ကိုမြင်ရတဲ့ အနေအထားမှာတောင်မှ လုံး၀ဝင်လို့မရတဲ့ အခြေအနေ။ လွမ်းတဲ့စိတ်တွေရှိမယ်ဆိုတာ သေချာတယ်။ ဒါကို နားလည်တယ်။ ဒါပေမဲ့ ကိုယ်က ဒီတာဝန်ကို ယူထားပြီဆိုရင် ဆုံးခန်းတိုင်အောင်ယူဖို့ မေတ္တာရပ်ခံပါတယ်”

(ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တွေ့ရစဥ်) Photo: PDF(Kalay)

ကလေးမြို့က PDF တပ်ရင်း တစ်ခုစီတိုင်းမှာ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးဖို့ အခြေခံဆေးပညာသင်တန်းတက်ထားတဲ့ အမျိုးသမီး ရှစ်ယောက်လောက်ကို တာဝန်ပေးထားတယ်လို့လည်း အမျိုးသမီး ဆေးတပ်သားတွေက ပြောပါတယ်။

ကလေးမြို့က နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး အသးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ကလေးမြို့မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက-ကလေး) အခြေစိုက်ထားပြီး ခလရ (၈၇)၊ ခလရ (၈၉)၊ ခလရ (၂၂၈) နဲ့ စကခ (၁၀) လက်အောက်ခံတပ်တွေက အင်အားအလုံးအရင်းနဲ့ တပ်စွဲထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဋ္ဌာနကတော့ စစ်တပ်အနေနဲ့ အမျိုးသမီးတွေနဲ့ ဆေးဝန်ထမ်းတွေအပေါ် အခုလို အကြမ်းဖက် တိုက်ခိုက်ချေမှုန်းနေတဲ့အပေါ် ပြင်းပြန်ထန်ထန်ရှုတ် ချလိုက်ပြီး၊  နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ် နေကြောင်း  ဒီကနေ့မနက်ပိုင်းက ချက်ချင်း ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org