NLDနဲ့ ၈၈ ပူးတွဲ မဲဆွယ်စည်းရုံး

လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ရင် လူမျိုးမရွေး ဘာသာမရွေး တန်းတူညီတူ အခွင့်အရေးရရှိဖို့ အာမခံတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ၃၂ လမ်းမှာ အောက်တိုဘာလ ၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင် ဟောပြောနေစဉ် Photo: Kyaw Zaw Win/ RFA

လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ရင် လူမျိုးမရွေး ဘာသာမရွေး တန်းတူညီတူအခွင့်အရေး ရရှိဖို့ အာမခံတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ၃၂ လမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောခဲ့တာပါ။

"ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံလုံးမှာ မဲဆန္ဒအများစုနဲ့ အစိုးရ ဖွဲ့နိုင်ရင် အဓိကကျတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူနည်းစု၊ လူများစုမဟုတ်ဘဲနဲ့ တန်းတူညီတူ ဆက်ဆံပြီးတော့မှ တန်းတူအခွင့်အရေး ရဖို့ ကျနော်တို့ NLD က အာမခံ ပါတယ် ဆိုတာကို ကျနော်ပြောကြားချင်ပါတယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ လိုသလို မဲဆန္ဒရှင်စာရင်း အမှားတွေကိုလည်း စောင့်ကြည့်ဖော်ထုတ်ဖို့လိုတယ်လို့ ပြောပါတယ်။

"မဲဆန္ဒရှင် တစ်ဦးချင်းဟာ ကိုယ့်နာမည်မဲစာရင်းမှာပါဖို့၊ ဟုတ်ပြီ မဲစာရင်းပါတယ်ဆိုရင် မဲထည့်ဖြစ်အောင်ထည့်ဖို့၊ မဲထည့်တဲ့နေရာမှာ စေ့စပ်သေချာစွာထည့်ဖို့၊ ဒါတစ်ဦးချင်း ကိစ္စ၊ ငါမဲပေးတာလောက်ပဲ တိုင်းပြည်အတွက်လုပ်နိုင် မယ် ဆိုတဲ့လူတွေအတွက်၊ ဒုတိယအဆင့်ကဘာလဲဆိုတော့ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းက မဲစာရင်းတွေ မှာ သေတဲ့သူကပါ၊ မသေတဲ့သူကမပါ၊ အဲ့လောက်မဲစာရင်းတွေမှားနေတာ ဘာရည်ရွယ်ချက်နဲ့မှားသလဲ၊ အဲ့ဒါတွေ ဘယ်အချိန်မှာကောက်ပြီး ဘယ်သူကသုံးမလဲဆိုတာ ကျနော်တို့စောင့်ကြည့်ဖို့လိုတယ်"

ဒီကနေ့ ဟောပြောပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး ပန်းပဲတန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးသန်းနိုင်ဦး နဲ့ ဒေါ်စိုးပပလှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဒေါ်ခင်စောဝေ တို့ကို လူထုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ တံဆိပ်တုံးရိုက်နှိပ်ပြီး ဆန္ဒမဲပေးရတဲ့ပုံစံကိုလည်း သရုပ်ပြခဲ့ပြီး တက်ရောက်လာ သူတွေကလည်း မဲပေးပုံပေးနည်းကို အကြိုလေ့ကျင့်ခဲ့ကြပါတယ်။

ဟောပြောပွဲကို လူဦးရေ ၅ဝဝ လောက် တက်ရောက်ခဲ့ပြီး အရင်က ဆူးလေဘုရားလမ်း ဗဟိုမီးသတ်ရှေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အဲဒီနေရာကို ခွင့်မပြုတဲ့ အတွက် ၃၂ လမ်းအောက်လမ်းထဲကို ပြောင်းရွှေ့ကျင်းပခဲ့ရတာ ဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org