NLD အမတ်လောင်း တစ်ထောင်ကျော် ရွေးကောက်ပွဲဝင်မည်

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတဦးဝင်မြင့် တို့အပါအဝင်၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့တရားဝင် ထုတ်ပြောလိုက်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၁၈၊ မတ် ၃၀ ရက်နေ့က တွေ့ရစဉ် Photo: Myanmar President Office

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတဦးဝင်မြင့် တို့အပါအဝင်၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင် မယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့တရားဝင် ထုတ်ပြောလိုက်ပါတယ်။

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဒုတိယဥက္ကဋ္ဌ ၁ ဖြစ်တဲ့ သမ္မတ ဦးဝင်မြင့် တို့ဟာ အရင် ၂၀၁၅ ရွေးကောက်ပွဲမှာပြိုင်ခဲ့တဲ့ ကော့မှူးနဲ့ တာမွေ မဲဆန္ဒနယ်တွေကပဲ ပြန်ပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ ဒုဥက္ကဋ္ဌ ၂ ဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

"အဲတော့ ပထမဆုံး ခင်ဗျားတို့ သိချင်နေတာက ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးကနေ ဝင်ပြိုင်ပါမယ်၊ သမ္မတကြီးက တာမွေကနေ ပြည်သူ့လွှတ်က ဝင်ပြိုင်ပါမယ်၊ ဒါကတော့ ခင်ဗျားတို့ အားလုံးစိတ်ဝင်စားနေတဲ့ ဟာပေါ့"

နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ကိုယ်စားလှယ်ရွေးချယ်ထားမှုနဲ့ ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာတွေကို ရှင်းပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း ပုသိမ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း တာမွေမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာရော ၂၀၁၅ ရွေးကောက်ပွဲမှာပါ ကော့မှူးမြို့နယ်ကနေ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်ပါဆိုရင် ကော့မှူးကနေ ဝင်ပြိုင်တာ သုံးကြိမ် ရှိပြီဖြစ်ပါတယ်။

NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ၂၀၁၅ မှာ ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်တွေကပဲ ပြိုင်ကြတာဟာ သူတို့အတွက် အနိုင်ရဖို့ သေချာတဲ့နေရာတွေ ဖြစ်တာကြောင့် အခုလို မဲဆန္ဒနယ်မပြောင်းဘဲ ပြိုင်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

"ကော့မှူးမြို့နယ်ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် စပြိုင်တဲ့နေရာဖြစ်ပြီးတော့ အဲဒီနေရာမှာပဲ ပြီးခဲ့တဲ့ သက်တမ်းကာလအတွင်းရော ကြားဖြတ်ကာလအနိုင်ရပြီးရော အဲဒေသတွေမှာ တည်ဆောက်ရေးတွေ စည်းရုံးရေးလုပ်ငန်းစဉ်တွေ အများကြီးလုပ်ထားတာ၊ အဲတော့ သေချာတဲ့နေရာမှာ ပိုပြီးတော့ လုပ်ကြ မှာပေါ့ဗျာ၊ သေချာတာကတော့ သူတို့အနိုင်ရထားပြီးသားနယ် စည်းရုံးထားပြီးသား အဲဒီနယ်တွေမှာ ပြန်ပြိုင် တာက သူတို့အတွက် သေချာတယ် အကျိုးရှိတဲ့နေရာတွေဖြစ်တယ်လို့ ယူဆချက်နဲ့လုပ်တယ်လို့ ထင် ပါတယ်"

၂၀၂၀ ရွေးကောက်ပွဲကိုတော့ NLD ပါတီဝင် ကိုယ်စားလှယ်ပေါင်း ၁၁၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီ ထဲမှာလက်ရှိ လွှတ်တော်တက်ရောက်နေတဲ့ ကိုယ်စားလှယ် ၈၀ ရာခိုင်နှုန်း ပြန်ပါဝင်ပြီး၊ ကျန် ၂၀ ရာခိုင်နှုန်း ကတော့ ကိုယ်စားလှယ်လောင်း အသစ်တွေပါဝင်လာမှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ကိုယ်စားလှယ်အဟောင်းတချို့ကတော့ လွှတ်တော်အတွင်း ဆောင်ရွက်ချက် မကောင်းခဲ့တာ၊ မြို့နယ်မှာ NLD အဖွဲ့ဝင်တွေနဲ့ ဆက်ဆံရေး မကောင်းတဲ့သူ၊ လူမှုရေးဖောက်ပြန်တာ၊ အရက်သေစာသောက်စားတာ စတဲ့ အချက်တွေကြောင့် ပြန်ပြီးမရွေးချယ်တာလို့ ဒေါက်တာဇော်မြင့်မောင်က ရှင်းပြပါတယ်။

"မရွေးတာ အရွေးမခံရတဲ့ ပြုတ်သွားတဲ့ကိုယ်စားလှယ်က ဘာကြောင့်လဲဆိုတော့ နံပါတ် ၁ သူ့မှာ စည်းနဲ့ အဆင်မပြေတာ၊ စည်းနဲ့သဟဇာတမဖြစ်တာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်အရေးကြီးတယ်ဗျ၊ သူတို့ ဆောင်ရွက်ချက်တွေက စည်းမပါဘဲနဲ့လုပ်တာတွေ စည်းတွေက သဘောမကျလို့ စည်းတွေက တိုင်လိုက်တဲ့ ဟာတွေပါ ကျနော်တို့က ထည့်စဉ်းစားတယ်၊ နောက်တစ်ခုက လွှတ်တော်ဆောင်ရွက်ချက်တွေ လွှတ်တော် ဘယ်နှစ်ရက်လောက်တက်တယ်ကအစ ကျနော်တို့ဆီမှာစာရင်းရှိတယ်၊ နောက်ပြီး ဒေါက်တာမျိုးညွန့် ကိုယ်စားလှယ်လောင်း တိုင်ကြားစာနဲ့ ပတ်သက်ပြီး စိစစ်တာတွေရှိတဲ့အတွက် အဲဒီဟာတွေလည်း ပြန်ကြည့်ပြီးတော့မှ ကျနော်တို့ရွေးတာ၊ ဆိုလိုချင်တာက မြို့နယ်ကလည်းမကြိုက်ဘူး၊ တိုင်းကလည်း မကြိုက်ဘူး ဆိုမှတော့ အဲဒီကိုယ်စားလှယ် မပါတော့ဘူးပေါ့ဗျာ"

NLD ပါတီက ပြည်သူ့လွှတ်တော်မှာ ၃၁၉ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၆၂ နေရာ၊ တိုင်းနဲ့ ပြည်နယ် လွှတ်တော်မှာ ၆၂၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ ပြည်သူ့လွှတ်တော် နှစ်နေရာဖြစ်တဲ့ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်မှာတော့ NLD အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသလို အမျိုးသားလွှတ်တော်မှာလည်း ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် ၅ ၊ ၆ ၊ ၈ ၊ ၉ ၊ ၁၀ တို့မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မှာလည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၂ မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး ။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ကျန်းမာရေးကြောင့် ဝင်ရောက်မယှဉ်ပြိုင်တော့ဘူးလို့ သိရပါတယ်။

ပြိုင်ဖက်ပါတီကြီးတစ်ခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ရေးပါတီ USDP ကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်အမည်စာရင်းတွေကို သြဂုတ်လ ပထမပတ်မှာ ထုတ်ပြန်သွားမယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ကပြောပါတယ်။

ဘယ်နေရာတွေမှာ ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာကို လက်ရှိချိန်မှာ ထုတ်ဖော်ပြောဆိုခြင်း မပြုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ပြိုင်မယ့် ကော့မှူးမဲဆန္ဒနယ်မှာတော့ USDP ပါတီက ပြိုင်မယ့် ကိုယ်စားလှယ်အနေနဲ့ ဒေသခံတွေကြိုက်တဲ့ ကိုယ်စားလှယ်နဲ့ ဝင်ပြိုင်တာမျိုးဆောင်ရွက်မယ်လို့ ဒေါက်တာ နန္ဒာလှမြင့် ကပြောပါတယ်။

"ကျနော်တို့ပါတီကတော့ ကိုယ်စားလှယ်လောင်း စိစစ်ရေးလုပ်ငန်း တော်တော်များများပြီးပါပြီ၊ စီအီးစီ အတည်ပြုဖို့ ကျန်သေးတဲ့အတွက် မထုတ်ပြန်သေးတာပါ၊ မကြာခင် ရှေ့လထဲ ပထမပတ်လောက်မှာ အသေးစိတ်ထုတ်ပြန်မှာပါ၊ အခုတော့ ပြောဖို့စောပါသေးတယ်၊ သတင်းစာရှင်းလင်းပွဲလုပ်ရင် အသေးစိတ် ပြောပြပါ့မယ်၊ အဓိကကတော့ ဗဟိုက ရွေးချယ်တယ်ဆိုတာထက် ကော့မှူးဒေသမှာ ဒေသခံပါတီနဲ့ ဒေသခံပြည်သူ လူထုကြိုက်တဲ့သူကိုပဲ ရွေးချယ်အတည်ပြုပေးမှာပါ၊ ဗဟိုကချပေးတာမျိုးမဟုတ်ပါဘူး"

ဒီတခေါက် ၂၀၂၀ ရွေးကောက်ပွဲမှာ နေပြည်တော် ဒုမြို့တော်ဝန်လည်းဖြစ်၊ ရန်ကုန်တိုင်းရဲ့ စီမံဘဏ္ဍာဝန်ကြီး လည်းဖြစ်တဲ့ ဦးရဲမင်းဦးက၊ ရန်ကုန်တိုင်းဒဂုံမြို့နယ် မဲဆန္ဒယ်အမှတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ် ပါတယ်။ဒဂုံမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း အထင်ကရမြို့နယ်ကြီးတစ်ခုဖြစ်ပါတယ်။ NLD ကနေ နုတ်ထွက်ပြီး အခု ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ထားတဲ့ ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်ဟာ ၂၀၁၅ တုန်းက အန်အယ်ဒီကိုယ်စားလှယ်အဖြစ် ဒဂုံမြို့နယ်ကနေ အနိုင်ရခဲ့ဖူးပါတယ်။ အခု ၂၀၂၀ မှာလည်း ပြည်သူ့ရှေ့ဆောင် ကိုယ်စားလှယ်အဖြစ် ဒဂုံမြို့နယ်ကနေ ဝင်ပြိုင်မယ်လို့ ခန့်မှန်းရတာကြောင့် အရေးကြီးတဲ့ ဒီမြို့နယ်နေရာမှာ အန်အယ်ဒီက လူသိများထင်ရှားတဲ့ ဦးရဲမင်းဦးကို တမင်ရွေးချယ်တာဝန်ပေးတာ ဖြစ်နိုင်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

"ဒေါ်သက်သက်ခိုင် ကလည်း NLD ပါတီထဲမှာတုန်းကလည်း သူက အစွမ်းအစပြခဲ့တဲ့ အမျိုးသမီးလည်း ဖြစ်တယ် နောက်ပြီးတော့ ဒဂုံမြို့နယ် အတွင်းမှာတော့ သူတို့သြဇာနဲ့ အရှိန်အဝါတော့ အတော်ကြီးမယ့် နေရာပါ၊ အဲလိုနေရာမျိုးမှာ ကိုရဲမင်းဦးလို အရည်အချင်းရှိပြီး NLD က ခေါင်းဆောင်လို့ မျှော်မှန်းတဲ့သူ တစ်ယောက်ကို အဲနေရာမှာချပေးတယ်ဆိုတာက သူတို့ပါတီရဲ့ အနိုင်ရနိုင်ခြေပေါ်မှာ NLD က အတော် ယုံကြည်မှု မြင့်မားနေတယ်လို့ ယူဆပါတယ်"

NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပေမယ့် တခြားပါတီကြီးတွေကတော့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ထုတ်ပြန် တာမျိုး မတွေ့ရသေးပါဘူး။

ကိုယ်စားလှယ်အမည်စာရင်းကို လာမယ့် သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org