ခွင့်ပြုချက်မရပဲ ဆန္ဒပြပွဲတွေမှာ မပါဝင်ဖို့ NLD ရုံးချုပ် ညွှန်ကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ခွင့်ပြုချက်မရရှိပဲ တခြားအဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခြင်းမပြုဖို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးကို ညွှန်ကြားထားပါတယ်။
-
2015-04-10 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ခွင့်ပြုချက်မရရှိပဲ တခြားအဖွဲ့ အစည်းတွေက ဦးဆောင်ကျင်းပတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခြင်းမပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးကို ညွှန်ကြားထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတာမဟုတ်တဲ့ ဆန္ဒပြပွဲတွေမှာ ပါတီဝင်တွေအနေနဲ့ ပူးပေါင်း ပါဝင်မယ်ဆိုရင် ဗဟိုကတာဝန်ရှိသူတွေထံ ခွင့်တောင်းရမယ်ဆိုတာကို သတိပေးတာဖြစ်တယ်လို့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတာမဟုတ်ပဲနဲ့ တခြားပါတီအဖွဲ့အစည်းတွေ ကနေ နောက်ပါတီကပဲဖြစ်ဖြစ် အဖွဲ့အစည်းကပဲဖြစ်ဖြစ်ပေါ့၊ တကယ်လို့ ဦးဆောင်ကျင်းပတယ်ပြော လို့ရှိရင် ကျနော်တို့အဖွဲ့ချုပ်ဗဟိုကိုတော့ ခွင့်ပြုချက်လိုတာပေါ့၊ တကယ်လို့ ဥပမာ ကျောင်းသား ဆန္ဒပြပွဲတွေ ဘာတွေညာတွေမှာ ကျနော်တို့တွေ့သွားချင်တယ်၊ ခွင့်ပြုချက်တွေနဲ့သွားချင်တယ်ဆိုရင် ကျနော်တို့က ဒါပါတီဝင်အနေနဲ့ မဟုတ်ဘူးဆိုတာကတော့လေ၊ ကျနော်ပြောတာက ပါတီယူနီဖောင်း ဝတ်သွားတာတို့ တံဆိပ်ကပ်သွားတာတို့ ဘာတွေညာတွေတော့မလုပ်နဲ့ပေါ့"
အဲ့ဒီညွှန်ကြားချက်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အားလုံးထံ ပေးပို့ထားတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ပါက ပါတီတာဝန်တွေကို ကာလအပိုင်းအခြားနဲ့ ရပ်နားခြင်းခံရနိုင်သလို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တဲ့အထိ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ပုသိမ်မြို့မှာကျင်းပတဲ့ လက်ပံတန်းမြို့ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွဲခံရတာကို ကန့်ကွက်ရှုတ်ချတဲ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် ဧရာဝတီတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးမှုခံရတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ပါတယ်။
အဲ့ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။