NLD ကိုယ်စားလှယ်လောင်း တစ်ဦး နှလုံးရောဂါနဲ့ ကွယ်လွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ကနေဝင်ရောက်ယှဉ်ပြိုင်မယ့် NLD အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်ဟာ ဒီနေ့နေ့လည်က ရုတ်တရက် နှလုံး အမောဖောက်ပြီး ကွယ်လွန်သွားပါတယ်။
-
2015-11-06 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ကနေဝင်ရောက်ယှဉ်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်ဟာ ဒီနေ့နေ့လည်က ရုတ်တရက် နှလုံးအမောဖောက်ပြီး ကွယ်လွန်သွားပါတယ်။
မြင်းမူမြို့ပေါ်မှာ ပါတီအောင်နိုင်ရေးကားတွေနဲ့ လှည့်လည်မဲဆွယ်စည်းရုံးရေး ဆင်းချိန်မှာ ကားပေါ်မှာ အမောဖောက်ပြီး ကွယ်လွန်သွားတာဖြစ်တယ် လို့ မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးစိုးစံသက်ထွန်းက ပြောပါတယ်။
"ကျနော်တို့ဒီနေ့ နေ့လည်ပိုင်းမှာပေါ့၊ မြင်းမူမြို့မှာ မဲဆွယ်ရင်း၊ ဖျော်ဖြေရေးထွက်တဲ့ အချိန်မှာ ဖျော်ဖြေရေးကားပေါ်မှာလိုက်သွားရင်းနဲ့ နှလုံးရောဂါနဲ့ နေ့လည် ၁၂ နာရီလောက်မှာ ဆုံးသွားတာပါ"
သေဆုံးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်ဟာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပြီး အရင်ကတည်းက နှလုံးရောဂါအခံရှိတယ်လို့ ပြောပါတယ်။ သု့ရဲ့အလောင်းကို မြို့နယ်ဆေးရုံမှာ ရင်ခွဲစစ်ဆေးချက်အရ နှလုံးမှာအဆီဖုံးပြီး သေဆုံးသွားတာဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးက အတည်ပြုပြောပါတယ်။
မြင်းမူမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦးရှိပါတယ်။
အမျိုးသားလွှတ်တော်အတွက် ဦးကျော်သောင်း၊ ပြည်သူ့လွှတ်တော်အတွက် ဦးစိုးစံသက်ထွန်း၊ တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၁ အတွက် ဒီနေ့သေဆုံးသွားတဲ့ ဦးစိုးမြင့်နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) အတွက် ဒေါ်နီလာလွင်တို့က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။