ကိုယ်စားလှယ်လောင်း ၁၉ ဦး အစားထိုးပြောင်းလဲလိုက်ပြီလို့ NLD ပြော

လာမယ့်ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းမှာ ကိုယ်စားလှယ် ၁၉ ဦးကို အစားထိုးပြောင်းလဲလိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့် ဟောပြောနေစဉ်

လာမယ့်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စား လှယ်လောင်းစာရင်းမှာ ကိုယ်စားလှယ် ၁၉ ဦးကို အစားထိုးပြောင်းလဲလိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။ ကျန်းမာရေးအခြေအနေအပါအဝင် ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိစွန်းနိုင် သူတွေကို ပြောင်းလဲအစားထိုးတာဖြစ်တယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ပြောပါတယ်။

"ကျန်းမာရေးကြောင့်ပေါ့ဗျာ၊ တချို့ကလည်း ၁ဝ နှစ် တဆက်တည်းမရှိလို့ပေါ့ဗျာ၊ တချို့ကလည်း အမှုအခင်းလေးတွေ မပြီးသေးလို့ဗျာ၊ အဲ့ဒါကြောင့်မို့ သူတို့ဘာသာ သူတို့နှုတ်ထွက်ကြတာ၊ ကျနော်မှတ်မိသလောက် ရှမ်းလည်းပါတာပဲဗျ၊ မန္တလေးလည်းပါတာပဲဗျ၊ ရန်ကုန်လည်းပါတယ်ပဲ၊ ပဲခူးနဲ့ မကွေးလည်းပါတာပဲ "

ရန်ကုန်တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာအောင်သူကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) က အမျိုးသားလွှတ်တော်နေရာမှာ တာဝန်ပေးထားတယ်လို့လည်း သိရပါတယ်။ NLD ပါတီဟာ တိုင်းနဲ့ပြည်နယ် အသီးသီးက မဲဆန္ဒနယ် ၁၁၃၃ နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို သြဂုတ်လ ၁ ရက်နေ့က ကြေညာခဲ့ပြီး ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ သုံးထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲကမှ တရားရုံးနဲ့အမှုအခင်းကင်းလွှတ်သူ၊ အစိုးရနဲ့ငွေကြေးအရှုပ်အရှင်းကင်းသူ၊ ပြည်တွင်းမှာ ၁၀ နှစ်ကြာ တစ်ဆက်တည်းနေထိုင်သူ၊ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူ စတဲ့အချက်တွေကို အခြေခံပြီး မြို့နယ်၊ တိုင်းနဲ့ဗဟိုအဆင့်က အဆင့်ဆင့်ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

NLD ပါတီက ကိုယ်စားလှယ်လောင်းစာရင်းတွေကို ထုတ်ပြန်ရာမှာ လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းနဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက ဦးကိုကိုကြီးတို့ မပါဝင်တာကြောင့် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org