ကိုကိုးကျွန်းမှာ NLD ပါတီ မဲဆွယ်ရေး အခက်တွေ့
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်း မြို့နယ်မှာ နေရာအတော်များများကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထား တာကြောင့် မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေရှိတယ်လို့ ကိုကိုးကျွန်းကို ဒီနေ့ ရောက်ရှိနေတဲ့ NLD ပါတီ ကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။
-
2015-10-22 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ နေရာအတော်များများကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထား တာကြောင့် မဲဆွယ်စည်းရုံးရာမှာ အခက်အခဲတွေရှိတယ်လို့ ကိုကိုးကျွန်းကို ဒီနေ့ ရောက်ရှိနေတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
မနေ့ကစပြီး ကိုကိုးကျွန်းရဲ့ ၅ ပုံ ၄ ပုံလောက်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်လို့ NLD ပါတီရဲ့ ကိုကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။
"ကိုကိုကျွန်းမြို့နယ်ရဲ့၅ပုံ ပုံရင် ၄ပုံလောက်ကို ကန့်သတ်နယ်မြေဆိုပြီး ဆိုင်းဘုတ်တွေစိုက်ထူထားပြီး မဲဆွယ်စည်းရုံးခွင့်မရဘူး၊ အဲ့တော့ ကျနော်တို့မဲဆွယ်စည်းရုံးတဲ့နေရာမှာ အခက်အခဲတွေတော့ရှိနေပါတယ်၊ ကိုကိုကျွန်းမြို့နယ်က ရေတပ် ၂၇ တပ်မရယ်၊ အမှတ် ၁ ဂျီအီး တပ်ရယ်၊ ပြည်သူတွေရယ်၊ ဝန်ထမ်းတွေရယ်နေထိုင်ပါတယ်၊ တပ်မ ၂၇ ပိုင်မြေနေရာ၊ ဂျီအီးတပ်ပိုင် မြေနေရာ၊ လေယာဉ်ကွင်း စီမံကိန်းတွေ ဆိုပြီးတော့ ကန့်သတ်နယ်မြေမဝင်ရဆိုပြီးတော့ ကန့်သတ်ထားပါတယ်"
NLD ပါတီ ကိုယ်စားလှယ်လောင်း ၃ဦးနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင် ၁၁ ယောက်ဟာ တစ်အိမ်တက်ဆင်းပြီး မဲဆွယ်စည်းရုံးနေတယ်လို့ သိရပါတယ်။
ကိုကိုးကျွန်းမှာ ရေတပ်၊ GE အင်ဂျင်နီယာတပ်၊ အစိုးရဝန်ထမ်းနဲ့ ပြည်သူတွေ နေထိုင်ကြပြီး မဲပေးခွင့်ရှိသူ ၁၅၀၀ လောက် ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။
ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးပါတီက အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဟောင်း ဦးတင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ၂ကြိမ်လောက် ဆင်းခဲ့ပြီးဖြစ်ပါတယ်။
NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ရက်နေ့ကမှ သွားရောက်မဲဆွယ်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကိုကိုးကျွန်းမှာ NLD ပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းကို RFA သတင်းထောက် မမိုးကလျာဦး ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။