အငြင်းပွား လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း NLD ပြင်ဆင်ပေးမည်
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းမှာ မြို့နယ်တွေက လက်မခံနိုင်သူတွေကို ပြင်နိုင်သလောက် ပြင်ပေး သွားမှာဖြစ်ကြောင်း ဗဟိုအောင်နိုင်ရေး ဥက္ကဌဖြစ်သူ ပါတီနာယက ဦးတင်ဦးက ကတိပေးလိုက်ကြောင်း သိရပါတယ်။
-
2015-08-04 -
-
-
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှာ မြို့နယ်တွေက လက်မခံနိုင်သူတွေ ကို ပြင်နိုင်သလောက် ပြင်ပေးသွားမှာဖြစ်ကြောင်း ဗဟိုအောင်နိုင်ရေး ဥက္ကဌဖြစ်သူ ပါတီနာယက ဦးတင်ဦးက ကတိပေးလိုက်ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်က တစ်မြို့နယ်ကို နှစ်ဦးစီနဲ့ နာယက ဦးတင်ဦးတို့ ဒီကနေ့ NLD ရုံးချုပ် မှာ တွေ့ဆုံဆွေးနွေးစဉ် ပြောခဲ့တာလို့ ဒီတွေ့ဆုံပွဲတက်ရောက်ခဲ့သူ ကမာရွတ်မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးငွေကြည်က ပြောပါတယ်။
"ဗဟိုအောင်နိုင်ရေးအဖွဲ့က အဘဦးတင်ဦးက လာပြီးတော့ ဖြစ်နေတဲ့အခက်အခဲတွေကို သိတယ်ဆိုတာနဲ့ပေါ့ဗျာ သူတို့ဘက်ကလည်း ဒီအခက်အခဲတွေကို ပြင်ဆင်နိုင်သရွေ့ ပြင်ဆင်မယ်ပေါ့၊ အကုန်လုံးတော့ ဖြစ်ချင်မှဖြစ် မယ်ပေါ့၊ အဲ့ဒါကို သူတို့ဘက်ကနေပြီးတော့ လုပ်ပေးနိုင်တဲ့အလားအလာကို လေ့လာပြီးပြောတာပါ၊ သူတို့ပြန်လည်ပြီးတော့ စိစစ်နေတာတွေရှိတယ်ပေါ့ဗျာ၊ အခုတချို့မြို့နယ်တွေမှာ တင်ပြီးတော့မှ မြန်မာနိုင်ငံထဲမှာ ၁ဝ နှစ်တိတိ မနေရသေးဘူးဆိုတဲ့လူတွေ ပေါ်လာတဲ့အတွက်ကြောင့် ပြန်လည်ပြီးတော့ နှုတ်ထွက် သွားရတဲ့လူတွေရှိတယ်၊ အဲ့လိုနေရာမျိုးတွေမှာ လစ်လပ်ခဲ့ရင် သို့မဟုတ် ပါတီကိုယ်စားလှယ်လောင်း တစ်ဦးတစ်ယောက်က မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်သွားခဲ့ရင် ဆိုတဲ့အနေအထားလောက် ပဲပြောတယ်ခင်ဗျ၊ ဘယ်လိုမျိုးပြင်ဆင်မယ် ဘယ်လိုမျိုးမူဝါဒနဲ့လုပ်မယ် ဆိုတာကိုတော့မပြောဘူး"
ဒါ့အပြင် ဒီကနေ့တွေ့ဆုံပွဲမှာပါတဲ့ မြို့နယ် ၄၅ မြို့နယ်မှာ အများစုက ကိုယ်စားလှယ်လောင်းစာရင်းကို လက်မခံနိုင်ကြောင်း တင်ပြခဲ့ကြတယ်လို့ ပြောပါတယ်။
နာယက ဦးတင်ဦးက ကိုယ်စားလှယ်လောင်းစာရင်းကနေ ထွက်မယ့်သူတွေလည်း ရှိနေသလို တချို့ကိုယ်စားလှယ်တွေဟာ မြန်မာပြည်မှာ ၁၀နှစ်ဆက်တိုက် နေထိုင်ခဲ့သူတွေ မဟုတ်တဲ့အတွက် ကိုယ်စားလှယ်အဖြစ်ကနေ နှုတ်ထွက်မယ့်သူတွေရှိကြောင်း၊ အဲဒီလို ပုဂ္ဂိုလ်တွေနေရာမှာ မြို့နယ်က ကျေနပ်သူတွေနဲ့ အစားထိုးခန့်အပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။