ခြိမ်းခြောက်မှုတွေ လက်မခံ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

တိုင်းရင်းသားဒေသတွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲမပေးဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိလာရင် ဒေသခံတွေ အနေနဲ့ သတ္တိရှိရှိနဲ့ လက်မခံ ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက် ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၅ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲွအသိပညာပေးဟောပြောပွဲမှာ တွေ့ရစဉ် Photo: Nay Thwae/ RFA

တိုင်းရင်းသားဒေသတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ခြိမ်းခြောက်ပြောဆိုမှုတွေရှိလာရင် ဒေသခံတွေအနေနဲ့ သတ္တိရှိရှိနဲ့ လက်မခံဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့က မင်္ဂလာဘုရားဝင်းမှာ ဒေသခံလူထုတွေနဲ့တွေ့ဆုံပြီး ရွေးကောက်ပွဲွ အသိပညာပေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာဖြစ်ပါတယ်။

"ကျမပြောပါ့မယ်၊ အဲ့လိုခြိမ်းခြောက်လာရင်ပေါ့နော်၊ ခြိမ်းခြောက်ပြီးတော့ NLD ကို မဲမပေးရဘူး စသည်ဖြင့်ပြောရင် စဉ်းစားကြည့်ပါ၊ သူတို့ခြိမ်းခြောက်နေတဲ့ဘဝမှာ ထပ်ပြီးတော့နေချင်လား၊ ခြိမ်းခြောက်ခံရ တဲ့ဘဝကလွတ်မြောက်ချင်ရင် ရွေးကောက်ပွဲ နေ့ကျရင် NLD ကိုသာမဲပေးလိုက်၊ သူတို့ဘာမှလုပ်လို့မရဘူး၊ မဲပေးပြီးမှတော့ သူတို့ပြန်လည်းချုပ်လို့မရဘူး၊ အဲ့မှာကြည့်နေတဲ့ပါတီကိုယ်စားလှယ်တွေလည်းရှိမယ်၊ မဲပေးပြီးတော့အဖွဲ့ချုပ်ကနိုင်သွားရင် သူတို့ဆက်ပြီးခြိမ်းခြောက်နေမယ့်အခြေအနေမရှိပါဘူးလို့ ကျမပြောပါ ရစေ၊ မဲပေးရမယ့် တစ်ရက်လေးမှာသတ္တိရှိလိုက်ရင် ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာ အေးအေးချမ်းချမ်းနေရ ပါလိမ့်မယ်"

ဒါ့အပြင် ပြည်နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်မှာကို ဝေဖန်တာတွေ ရှိနေပြီး အဲ့ဒီလို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာဟာ ဒီမိုကရေစီအစိုးရဖွဲ့နိုင်ရေးအတွက် ဆောင်ရွက်တာ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲကာလအတွင်း မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ၊ စည်းကမ်းချက်နဲ့ မကိုက်ညီ တာတွေကို တွေ့ရှိတဲ့အခါ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားဖို့လိုအပ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် မဲစာရင်းမှန် မမှန် သွားရောက်ကြည့်ရှုကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ လူဦးရေနည်းတဲ့ မဲဆန္ဒနယ်မြေတွေမှာ လူတစ်ထောင်လောက်ကသာ မဲမပေးခဲ့ဘူးဆိုရင် ပြဿနာရှိကြောင်းလည်း မဲပေးဖို့ အရေးကြီးတဲ့ အကြောင်းထည့်သွင်းပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေထဲကတချို့ကို RFA သတင်းထောက် မဝေမာထွန်း ကောက်နှုတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org