NLD ညီလာခံ ကိုယ်စားလှယ်ရွေးပွဲ တာမွေမြို့နယ်မှာ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမယ့် မတ်လအတွင်း ကျင်းပရေးအတွက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင် ညီလာခံ ကိုယ်စားလှယ်ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်တန်းအသင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

NLD ရဲ့ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံကို မတ်လအတွင်း ကျင်းပနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ရန်ကုန်အရှေ့ပိုင်းခရိုင် ညီလာခံကိုယ်စားလှယ်ရွေးချယ်ပွဲ ကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်တန်းအသင်းတိုက်မှာ ကျင်းပခဲ့စဉ် Photo: RFA/Thiha Tun

NLD ပါတီ စတင်တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း တစ်ကြိမ်မှ နိုင်ငံလုံးဆိုင်ရာ ညီလာခံ မကျင်းပနိုင်ခဲ့ပဲ၊ အခုအခါမှ ရပ်ကျေးညီလာခံတွေ၊ ခရိုင်ညီလာခံတွေ စတင်ကျင်းပဖြစ်တယ်လို့ အရှေ့ပိုင်းခရိုင် ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင် ဦးညီညီက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က ဒီမိုကရေစီနည်းကျတဲ့ပုံစံတွေ ပေါ်ပေါက်စေတဲ့ ထင်သာမြင်သာရှိရမယ်၊ ကျွန်တော်တို့ ပါတီတွင်းထဲမှာ ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေအောင် ကျင့်သုံးနိုင်အောင်ပါ"

အဲဒီ့ ရန်ကုန်အရှေ့ပိုင်းခရိုင် ညီလာခံကိုယ်စားလှယ်ရွေးပွဲမှာ မြို့နယ် ၁၄ မြို့နယ်ထဲက ကိုယ်စားလှယ် ၁၅ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သုံးရက်ကြာကျင်းပမယ့် ဗဟိုညီလာခံကို ပြည်နယ်နဲ့ တိုင်းဒေသအသီးသီးက ပါတီကိုယ်စားလှယ်ပေါင်း ၁၂၀၀ ကနေ ၁၅၀၀ ကြား တက်ရောက်ဖို့စီစဉ်ထားပြီး အဲဒီ့နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org