NLD ရန်ပုံငွေဂီတပွဲ ကျင်းပခွင့်မရ

ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေအတွက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ စင်တင်ဂီတပွဲဟာ ပွဲပြုလုပ်ခွင့် ပါမစ်နဲ့ ပွဲကျင်းပမယ့် ရုံမရတာကြောင့် ပွဲရက်ကို ရွှေ့ဆိုင်းရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကမကထပြု စီစဉ်သည့် ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော် ကြော်ငြာပိုစတာ။ Image: RFA

ဒီပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံမှာ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး လက်မှတ် ကျပ်ငွေ သိန်း၂ဝ ဖိုးလောက် ရောင်းထားပြီး ဖြစ်ပါတယ်။ အခု ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ပုံငွေပွဲ ဖြစ်မြောက်ရေးကော်မီတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိန်းက အခုလို ပြောပါတယ်။

“ဂီတ အစည်းအရုံး၊ မြို့နယ်၊ တိုင်း အဆင့်ဆင့်ကို ကျနော်တို့ တင်ပြတယ်။ အခု ဝန်ကြီးချုပ်ရုံးကို ရောက်ပြီးမှ မနေ့ကညက အစည်းအဝေးပြီးရင် ကျနော်တို့ကို ဆုံးဖြတ်ချက် ချပေးမယ်၊ အဲဒီ ဆုံးဖြတ်ချက်ကနေပြီး ပွဲ ပါမစ်ပေးမယ်လို့ ပြောထားပေမယ့် အခုထိ ပွဲပါမစ်က ဝန်ကြီးချုပ်ရုံးကနေပြီး စီမံ-လုံခြုံ ဌာနကို ပြန်မကျလာသေးတဲ့အတွက် အခက်အခဲ ဖြစ်နေပါတယ်။ ပွဲပါမစ် အခက်အခဲအပြင် ကျနော်တို့ကို ကွင်းမပေးနိုင်ဘူးဆိုပြီး ဖြစ်နေတယ်။ တဖက်မှာလည်း ကျနော်တို့က ပွဲရက်ကိုလည်း သတ်မှတ်ပြီးသွားပြီ၊ လာဖျော်ဖြေမယ့် အနုပညာရှင်တွေကလည်း ပြင်ဆင်နေကြပြီ။ လက်မှတ်တွေကလည်း ရောင်းထားပြီးပြီဆိုတော့ အတော်လေး အခက်အခဲ ဖြစ်နေတယ်”

ဒီပွဲ ပြုလုပ်နိုင်ဖို့ တာဝန်ရှိသူတွေထံက ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းကို သုဝဏ္ဏ အားကစားရုံမှာ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အဆိုတော် ၅ဝ ကျော် ပါဝင် သီဆိုကြမှာ ဖြစ်သလို Emperor ၊ Lazy Club ၊ Spectrum စတဲ့ ဂီတအဖွဲ့တွေ ပါဝင်တီးခတ်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်က ကမကထပြု စီစဉ်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org