ရေတာရှည် လယ်သမား ၁၀၀ ကျော်အမှု NLD ကူညီနိုင်ရေး ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ်အတွင်းက တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁ဝဝ ကျော်အမှုကို လိုက်လံကူညီပေးဖို့ ရေတာရှည် အန်အယ်လ်ဒီရုံး မှာ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လယ်သမားမိသားစုဝင်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ကျွဲကျောင်းနေသော လယ်သမားတစ်ဦးကို တွေ့ရစဉ် (Photo: AFP)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အတွင်းက တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁ဝဝ ကျော်အမှုကို လိုက်လံကူညီပေးဖို့ ရေတာရှည် အန်အယ်လ်ဒီရုံးမှာ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လယ်သမားမိသားစုဝင်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရေတာရှည်မြို့နယ်မှာ လယ်သမားတွေ တရား စွဲဆို ထောင်ချခံနေရတာကို ပြည်ထောင်စု လွှတ်တော် ကို တင်ပြဖို့ ဆွေးနွေးခဲ့တယ်လို့ ရေတာရှည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အတွင်းရေးမှူး ဦးချစ်ထွေးက ပြောပါတယ်။

"အခုလယ်သမားတွေ ဖြစ်တဲ့ဟာကတော့ တရား ဥပဒေ စိုးမိုးမှုမရှိဘူး၊ လယ်သမားဖြစ်နေတာကလည်း တစ်နိုင်ငံလုံး ဖြစ်နေတာပေါ့၊ ဒါပေမဲ့ ပဲခူးတိုင်း အရှေ့ တိုင်းမှာကျတော့ လယ်ယာမြေ အငြင်းပွားမှုဖြစ်တဲ့အခါ ရေတာရှည်ကတော့ ထောင်ချတာ ပထမဆုံးကြုံတွေ့ ရတာပေါ့၊ သူ့အနေနဲ့ကတော့ လွှတ်တော်ဖက်က တင်ပေးမယ်၊ လွှတ်တော်တင်ပေးတဲ့အချိန်မှာလည်း သူ့ကို စာတင် သူကတဆင့် ထပ်ပြီးတွန်းအားပေးမယ်ပေါ့၊ တရားဥပဒေ စိုးမိုးမှုမရှိတော့ တရားဥပဒေ စိုးမိုးရေးမဏ္ဍိုင် ကို အဆင့်ဆင့် ဆောင်ရွက်ပေးထားမယ်လို့ ပြောပါတယ်"

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်အတွင်းက ရေတာရှည်မြို့နယ်မှာ အမှတ် ၆ သကြားစက်ဆောက်လုပ်ဖို့အတွက် ဆိုပြီး ညောင်ပင်သာ၊ ပြည်စုတ်၊ အင်ကြင်းကုန်း၊ ကရင်ရွာ၊ အောင်ချမ်းသာစတဲ့ ကျေးရွာပေါင်း ၁ဝ ကျော်က လယ်ယာမြေဧက ၂၀ဝဝ ကျော်ကို စက်မှုဝန်ကြီးဌာနက သိမ်းယူခဲ့ပြီး လယ်သမားတွေကို သီးစားချ လုပ်ကိုင်ခွင့် ပေးထားခဲ့တာဖြစ်ပါတယ်။

မနှစ်က နိုင်ငံတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးမယ်ဆိုပြီး ပြောခဲ့တာကြောင့် မူလလယ်သမားတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲကို ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။ အဲဒီ့ဝင်ရောက်ထွန်ယက်တဲ့ လယ်သမားတွေကို သီးစားယူလုပ်တဲ့ လယ်သမားတွေက တရားစွဲတာဖြစ်တဲ့အတွက် လယ်သမားအချင်းချင်းကြား ဖြစ်ပွားတဲ့အမှုဖြစ်ပါတယ်။

မနေ့က ညောင်ပင်သာကျေးရွာက လယ်သမား ၄ ဦးကို ရေတာရှည်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့ရာ လယ်သမား ၃ ယောက်ကို ငွေဒဏ် ၅ဝဝ အမိန့်ချမှတ်လိုက်ပြီး တစ်ဦးကို ကျူးကျော်ဝင်ရောက်မှု၊ အကျိုးစီးပွား ဖျက်ဆီးမှုနဲ့ ထောင်ဒဏ် ၂ လ အမိန့်ချလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org