ကျောင်းကုန်းမှာ NLD ဥက္ကဋ္ဌ၊ လွှတ်တော်အမတ်အပါအဝင် ၁၃ ဦးဖမ်းဆီးခံရ
အာဏာသိမ်းစစ်ကောင်စီက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်းနေတဲ့ တစ်ချိန်တည်းမှာပဲ အရင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးချယ်ခံခဲ့ရတဲ့ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီထောက်ခံသူတွေ ခပ်စိပ်စိပ် ပြန်အဖမ်းခံနေရပါတယ်။
-
စောဖိုးခွါး (ဝါရှင်တန်ဒီစီ)
2023-01-10 -
-
-
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ၁၃ ဦး ဇန်နဝါရီလ ၉ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။
ပါတီဥက္ကဋ္ဌ ဦးသိန်းဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှဝင်း ပါတီဝင်တွေဖြစ်တဲ့ ကိုမျိုးသူ၊ ဦးရှမ်းကြီး၊ ဦးသောင်းလှဝင်းတို့နဲ့အတူ ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ လိုက်ပါကူညီခဲ့ဖူးသူတွေ ဖမ်းဆီးခံလိုက်ရတာလို့ ပါတီထောက်ခံသူ တစ်ဦးက RFA ကိုပြောပါတယ်။
"သူတို့တွေ အကုန်လုံးက ရှောင်နေကြတာ၊ ရှောင်နေရင်း အခုအိမ်ပြန်လာ အိမ်မှာ သိုသိုသိပ်သိပ်နေနေချိန်မှာ ဖမ်းခံရတာ၊ ဒလန်ကြောင့် အဖမ်းခံရတာပေါ့။ ဒလန်ကြောင့် ဘယ်အိမ်မှာ ဘယ်သူရှိတယ်ဆိုပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းသွားတာ"
မနေ့ညပိုင်းမှာ ကျောင်းကုန်းမြို့နယ်တစ်မြို့နယ်လုံးကို မီးဖြတ်အမှောင်ချပြီး ဧရာဝတီတိုင်း စစ်ဌာနချုပ်ကနေ လာဖမ်းသွားတာလို့ ဆိုပါတယ်။ ကျောင်းကုန်းမှာ NLD ပါတီထောက်ခံသူတွေကို အခုရက်ပိုင်း စစ်ကောင်စီက စီမံချက်နဲ့ ဖမ်းနေတယ်လို့ ဒေသခံက ပြောပါတယ်။
"အခုအဖမ်းခံရတဲ့သူတွေက ပိုက်ဆံလည်းရှိ၊ ငွေအင်အားလည်းနိုင်၊ ပါတီဘက်က မားမားမတ်မတ် ရပ်တည်ခဲ့သူတွေ၊ အဖွဲ့ဝင်တွေလည်းဖြစ်တယ်။ ဘယ်သူတွေ ထပ်ဆွဲခံရမလဲမသိဘူး။ အခုလည်း မီးဖြတ်ထားပြန်ပြီ၊ အယောက် ၃ဝ ဖမ်းဖို့ရှိတယ်။ ဒီညလည်းထပ်ဆွဲမယ်လို့ ကြားထားတယ်။ (စစ်ကောင်စီကကျင်းပမယ့်) ရွေးကောက်ပွဲမတိုင်ခင် စီမံချက်နဲ့ ဖမ်းတာ"
အာဏာသိမ်းစစ်ကောင်စီက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်းနေတဲ့ တစ်ချိန်တည်းမှာပဲ အရင်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးချယ်ခံခဲ့ရတဲ့ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီထောက်ခံသူတွေ ခပ်စိပ်စိပ် ပြန်အဖမ်းခံနေရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် စုစုပေါင်း ၁၁၆၉ ဦးဖမ်းဆီးခံထားရတယ်လို့ NLD ပါတီက ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။