NLD ပါတီဝင် ၁၃၀၀ ခန့် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး တစ်ရာခန့်သေဆုံးခဲ့

စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော် ကာလအတွင်းမှာ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦး အပါအဝင် ပါတီဝင် ၁၂၉၀ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝန်းရံသူများအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ AFP

စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော် ကာလအတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၁ ဦးအပါအဝင် ပါတီဝင် ၁၂၉၀ ဦး ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက နိုဝင်ဘာလ ၈ ရက်ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ သုံးနှစ်ပြည့် ကြေညာချက်အဖြစ် ဒီကနေ့ ထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။

ဖမ်းဆီးခံထားရဆဲ ပါတီဝင် ၁၂၉၀ ဦးထဲမှာ လွှတ်တော်ကိုယ်စားလှယ် သုံးဦး အပါအဝင် ၁၀၁ ဦးကတော့ စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါတီဝင် ၄၀၇ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံထားရပြီး အဲဒီအထဲ လွှတ်တော်ကိုယ်စားလှယ် ၁၈၂ ဦးရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်ပါတယ်။

စစ်ကောင်စီက မဲစာရင်း မသမာမှုကို အကြောင်းပြပြီး အာဏာသိမ်းခဲ့တာကြောင့် တိုင်းပြည် တည်ငြိမ်ရေးကို ပျက်ပြားစေခဲ့တယ်လို့လည်း ဆိုထားပါတယ်။

NLD အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပြည်သူတွေ၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသား အင်အားစုတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၁၁၁၇ မှာ မဲဆန္ဒနယ် ၉၂၀ အနိုင်ရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org