ကန်ကြီးထောင့် NLD အမတ် ဦးစိုးမိုးထွန်း ဖမ်းဆီးခံရ
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ NLD ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
-
RFA Burmese
2024-01-19 -
-
-
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သူနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ်ရွာက သူ့ရဲ့နေအိမ်ကို ပြန်လာစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဧရာဝတီတိုင်းက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက RFA ကို ပြောပါတယ်။
"ကန်ကြီးထောင့် လွှတ်တော်ကိုယ်စားလှယ်ပေါ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်။ မြင်းကဆိပ်မှာရှိတဲ့ အိမ်ကိုပြန်ရင်းနဲ့ ညက အဖမ်းခံရတာ”
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဦးစိုးမိုးထွန်းဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ခုလုံးမှာ ကန့်ကြီးထောင့်မြို့နယ်ရဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်ချိန် အလုပ်သမားအရေး၊ သိမ်းဆည်းခံ လယ်ယာမြေအရေးကိစ္စတွေမှာ တက်ကြွစွာပါဝင်ခဲ့သူလို့လည်း သူ့မိတ်ဆွေတချို့က ပြောပါတယ်။
NLD ပါတီ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ စာရင်းတွေအရ လွှတ်တော်ကိုယ်စားလှယ် ၁၄၀ နဲ့ ပါတီဝင် ၁၈၉၀ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးနဲ့ ပါတီဝင် ၆၁၉ ဦးသာ ပြန်လွတ်မြောက်လာသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။